မော်လမြိုင် ၊ ဇူလိုင် ၃

မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် အထွေထွေရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ မပူးပေါင်းကြဖို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးလိုက်ပါတယ်။

စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုပြီးနောက် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီတချို့ဟာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လာတာပါ။

အဲဒီနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲအတွက် ပါတီဝင်အသစ်တွေ စည်းရုံးတာ၊ ပါတီရုံးခွဲတွေ ဖွင့်လှစ်တာနဲ့ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ လက်ရှိနိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့ တိုက်တွန်းတာပါ။

“စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံးက အ ကြမ်းဖက် စစ်ကောင်စီနဲ့ အတူတွဲလုပ်ဖို့ သဘောတူထားကြတယ်။ ကျေနပ်နေကြတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ပြည်သူများကို တော်လှန်ရေးအဖွဲ့တွေရဲ့ ကိုယ်စား ပြောကြားချင်တာကတော့ စစ်ကောင်စီနဲ့ သူ့ရဲ့ အပေါင်းအပါတွေနဲ့ စုပေါင်းပြီးတော့ ပေါင်းစည်းပြီးတော့ လုပ်ဆောင် ချက်တွေ အားလုံးကို ရှောင်ကြပါလို့ သတိပေးတားမြစ်လိုတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ သူတို့ အကျိုးစီးပွားအတွက် ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အသုံးချခံ မဖြစ်အောင် သတိထားနေထိုင်ဖို့ လိုသလို သူတို့ရဲ့ မတ်လုံးပေးမှုတွေကိုလည်း မယုံကြည်ဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူကလည်း စစ်ကောင်စီလက် ထက်မှာ နိုင်ငံရေးပါတီ ထောင်ပြီး ရွေးကောက်ပွဲ ဝင်မယ့်သူတွေဟာ စစ်ကောင်စီနဲ့ ထူးမခြားနားအဖွဲ့တွေသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီလက်ထက်မှာပဲ နိုင်ငံရေးပါတီတွေထောင်ပြီးတော့ သူတို့ကလည်း ပါတီရွေးကောက်ပွဲဝင်မယ်ဆိုတော့ သူတို့လည်း စစ်ကောင်စီနဲ့ ထူးမခြားနား ခံယူချက်ရှိတဲ့အဖွဲ့လို့ ပြောရမှာပေါ့နော်။ နောက်တစ်ခုက သူတို့စည်းရုံးလို့ ရတယ်။ သူတို့ပါတီဝင်ဖို့ သူတို့ကို မဲပေးဖို့ စည်းရုံးပြီး သူတို့ကို မဲပေးတယ်ဆိုရင်လည်း အဲဒီမဲပေးတဲ့ သူကလည်း သူတို့လို စိတ်နေစိတ်ထားမျိုးလူတွေပဲ သူတို့ကို မဲပေးမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ ဒေသခံပြည်သူတွေကို မတ်လုံးပေးစည်းရုံးတာ၊ တခြားနိုင်ငံရေးပါတီကနေ ဘက်ကူးပြောင်းလာသူတွေကို လက်ခံကြိုဆိုတာအပြင် နိုင်ငံရေး အတွေ့အကြုံ ရှိသူတွေကို နေရာတစ်ခုပေးပြီး ထားရှိတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ဖို့အတွက်ဆိုကာ မြန်မာ အီလက်ထရောနစ် မဲပေးစက် MEVM ကို လက်တွေ့ ပြသတာ၊ မဲပေးခွင့် အသက်အရွယ် ရှိသူတွေကို နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးတာအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ ရှေ့ဆောင် ပါတီ၊ ပြည်သူ့ ပါတီ၊ မွန်ညီညွတ်ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသမီး ပါတီ(မွန်) အပြင် စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပါတီ တချို့ ဝင်‌ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.