မော်လမြိုင်၊ ဇူလိုင် ၁

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU မှာ ပါဝင်ခွင့်ရဖို့ ပြောဆိုချက်ဟာ လက်တွေ့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်က EAEU မှာ ပါဝင်ခွင့် ရရေး အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဘယ်လာရုစ်နိုင်ငံရှိ မင့်စ်မြို့မှာ ပြုလုပ်တဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် EEF 2025 အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ဥရောပ-အာရှ စီးပွားရေးသမဂ္ဂဟာ ပြင်ပ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြား မကြာသေးမီ နှစ်တွေအတွင်း တည်ငြိမ်တဲ့ တိုးတက်မှုတွေနဲ့ အရေးပါတဲ့ အောင်မြင်မှုတွေ ပြသနိုင်ခဲ့တာ ဝမ်းမြောက်စွာ တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလို တည်ငြိမ်တဲ့ တိုးတက်မှုတွေနဲ့ အရေးပါတဲ့ အောင်မြင်မှုတွေ ပြသနိုင်ခဲ့တာကြောင့် မြန်မာ နိုင်ငံအနေနဲ့လည်း ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU မှာ မိသားစု အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့ များစွာ စိတ်အား ထက်သန်နေတယ်လို့ ပြောဆိုခဲ့တာပါ။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကြီးမြင့်ကတော့ စစ်ကောင်စီဟာ ကုလသမဂ္ဂအပြင် အာဆီယံကပါ သူကိုပယ်ထားတဲ့အတွက် EAEU မှာ ပါရပြီးရောဆိုတဲ့ ပုံစံမျိုး ပြောဆိုတာဖြစ်သလို အခုလို စစ်ကောင်စီက ပြောဆိုနေပေမယ့် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“သူက ကုလသမဂ္ဂကလည်း သူကို ပယ်ထားတယ်လေ။ အာဆီယံကလည်း ပယ်ထားတယ်၊ အဲဒီတော့ ဘယ်အဖွဲ့အစည်းမှလည်း ကမ္ဘာမှာ သူ့ကို ဒီမိုကရေစီနိုင်ငံတွေက အသိအမှတ် မပြုပါဘူး၊ အဲဒီတော့ သူက ဒီလိုပေါ့ ပါရ ပြီးရောပေါ့ဗျာ။ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ကိုယ်က လက်လှမ်းမီ မမီ ကိုယ်ပစ္စည်းတွေရဲ့ အဲဒီမှာ ထုတ်ကုန်တွေ ရောင်းနိုင် မရောင်းနိုင်၊ ဟိုက ဝယ်နိုင်တဲ့ အားရှိ မရှိ၊ အဲဒါတွေ ဘာမှ မတွက်ဘူး၊ ပါရ ပြီးရောပေါ့။ ပြည်ပကိုတော့ လိမ်မရပါဘူး။ ဘယ်သူကမှ အသိအမှတ် မပြုပါဘူး။ လေးလည်း မလေးစားပါဘူး။ ဘာမှ ဖြစ်လာမှာလည်း မဟုတ်ပါဘူးနော်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU မှာ ပါဝင်ဖို့ ပြောဆိုပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက ပါဝင်ခွင့် ပြုမပြု ပြောဆိုတာ မရှိတာကြောင့် လက်ရှိ စစ်ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ဟာ ဝါဒဖြန့်ဖို့လောက်သာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ စီးပွားရေးပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ ကျန်တဲ့ အရေးပဲ ဖြစ်ဖြစ် သူတို့ လိုရင် လိုသလို ပုံဖော်နေသလို မလိုရင် မလိုသလို ပိတ်ဆို့မှုတွေ ရှိတာကြောင့် EAEU နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် ပူးပေါင်းဆောင်ရွက်မှု အင်အားကို ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့ EAEU မှာလေ့လာခွင့် ရရှိတဲ့ နိုင်ငံ၊ လေ့ လာသူ နိုင်ငံဖြစ်အောင် ကြိုးစားဆောင်ရွက်နေပြီး အောင်မြင်နိုင်လိမ့်မယ်လို့ မြင်သလို EAEU ရဲ့ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ရုရှားအပြင် တခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆို လက်ခံတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU မှာ ပါဝင်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ပြီး ဆက်သွယ်ခဲ့သလို အဲဒီနှစ်မှာပဲ EAEU ရဲ့ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ EEC က ကိုယ် စားလှယ်တွေ လာရောက်ခဲ့တာ ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ EAEU အဖွဲ့နဲ့ မြန်မာနိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး MoU နား လည်မှု စာချွန်လွှာချုပ်ဆိုခဲ့သလို ၂၀၂၄ ခုနှစ်မှာ EAEU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး MoU ကို အရှိန်အဟုန် မြင့်တင်ဖို့ MoU ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ EAEU ကိုတော့ ၂၀၁၅ ခုနှစ်က ရုရှား ဦးဆောင်တဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတွေနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရည်ရွယ်ချက်အနေနဲ့ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြင့်တင်ဖို့၊ လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.