သရက်ချောင်း၊ ဇူလိုင် ၁

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ် ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်နေပြီး ပြည်သူ ၁ ဦး သေဆုံးကာ လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။

ဇွန် ၃၀ ရက် မနက် ၇ နာရီအချိန်ခန့်မှာ ထားဝယ်ဘက်ကနေ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းဟာ ရန်တောင်ရွာဘက်ကို ရောက်လာတဲ့အချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ကြက်စာပြင် အကောက်ခွန်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရန်တောင်ကျေးရွာထဲ ကျရောက်ခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လောလောဆယ်အထိ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ရန်တောင်၊ သင်ပြွန်း၊ စော်ဖျား၊ ညောင်ဇင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၅ ရွာမှ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲက ညနေ ၃ နာရီကျော်အထိ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေပါတယ်။

ရန်တောင်ကျေးရွာဘက်ကို ထိုးလာတဲ့ အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့လောက်က လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး ဒေသခံ ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။

ဇွန် ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် မင်းဒပ်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာမှာ တပ်သား ငါးဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.