“မိမိတို့ဘက်ကလည်း ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ရွေးကောက်ပွဲ ပျက်ပြားသွားအောင် လိုအပ်ပါက ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို မထိခိုက်နိုင်တဲ့ စစ်ရေးအရပါ တိုက်ခိုက်မယ်လို့ အတိအလင်းပြောထားတဲ့အတွက် နှစ်ဖက် ထိတွေ့ တိုက်ခိုက်မှုတွေ ပိုရှိလာမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း (MSDF)

မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ မွန်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစုပြီး ရာမညစစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန် အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD တို့ လွတ်မြောက်နယ်မြေ တစ်ခုမှာ အစည်းအဝေးပြုလုပ်ပြီး ရာမညစစ်ကြောင်း ကို ဖွဲ့စည်းခဲ့တာပါ။

လက်ရှိ စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမားမရှိသေးတဲ့ မွန်ပြည်နယ်တခွင်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေ ဘယ်လို ရှိနေပါသလဲ။ တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ စစ်မှုထမ်းခေါ်ယူမှု တိုးမြှင့်လုပ်ဆောင်လာတဲ့အခြေအနေ၊ လာမယ့် ဒီဇင်ဘာရွေးကောက်ပွဲ မဖြစ်မြောက်စေဖို့ ရာမညစစ်ကြောင်းဘက်က ပြင်ဆင်မှုအခြေအနေနဲ့ ပြည်သူတွေ သတိထားရမယ့်အချက်တွေအကြောင်း မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – လက်ရှိ မွန်ပြည်နယ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နဲ့ ဘယ်လိုမျိုး စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနေတာ ရှိမလဲ။

ဖြေ – လက်ရှိ မွန်ပြည်နယ်မှာ စစ်ကောင်စီက သိသာတဲ့စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတာ သိပ်မရှိသေးဘူး။ ဒါကလည်း မွန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ TNLA နဲ့ မဟာမိတ်အင်အားစုတွေ တိုက်ခိုက်မှုကို ရင်ဆိုင်နေရလို့ မွန်ပြည်နယ်မှာ သိသာမြင်သာတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မလုပ်သေးတာလည်း ဖြစ်နိုင်တယ်။

မေး – အထူးသဖြင့် ရာမညစစ်ကြောင်း လှုပ်ရှားတဲ့ ဒေသတွေမှာရော စစ်တပ်စခန်းတွေ အခြေချတာ ဘန်ကာတွေ တည်ဆောက်တာတွေရော ဘယ်လိုမျိုး တိုးမြှင့်လုပ်ဆောင်လာနေလဲ။

ဖြေ – ရာမညစစ်ကြောင်း လှုပ်ရှားတဲ့ ဒေသတွေနဲ့ မွန်ပြည်နယ်တဝန်းမှာရှိတဲ့ စကစတပ်စခန်းတွေမှာ မိမိတို့တိုက်ခိုက်လာရင် ကာကွယ်ဖို့ သာမန်လက်နက်ကြီးတွေ ဒရုန်းတွေ မဖောက်ခွဲနိုင်တဲ့ ဘန်ကာတွေ အခိုင်အမာတည်ဆောက်လာခဲ့တယ်။ မိမိတို့ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်လာရင်လည်း ကာကွယ်ဖို့ ဂျန်ပါတွေကိုလည်း တရုတ်၊ ရုရှားဆီကနေ ရလာတဲ့ နည်းပညာတွေနဲ့ အဆင့်မြှင့် သုံးစွဲလာခဲ့တဲ့အတွက် မိမိတို့ဘက်ကလည်း လက်ရှိရှိနှင့်ပြီးသား ဒရုန်းတွေနဲ့ တိုက်ဖို့ အခက်အခဲဖြစ်စေခဲ့တယ်။

မေး – စစ်ကောင်စီဘက်က တပ်အင်အား ဖြည့်တင်းမှုကရော ဘယ်လိုအခြေအနေမျိုးရှိမလဲ။ အထူးသဖြင့် စစ်မှုထမ်းစုဆောင်းမှုတွေပေါ့။

ဖြေ – စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးအနှံ့ ပြုန်းတီးသွားတဲ့ တပ်အင်အားကို ဖြည့်တင်းဖို့ မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေကို သုံးစွဲပြီး စစ်မှုတန်းသင်တန်း လေးကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့တယ်။ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၅ အတွက်လည်း ဖွင့်လှစ်ဖို့ တပ်သားသစ်တွေစုဆောင်းနေတယ်လို့ သတင်းရခဲ့တယ်။ တခြားဒေသတွေထက်စာရင် မိမိတို့မွန်ပြည်နယ်မှာ စစ်ရေးကြီးကြီးမားမား မလုပ်နိုင်သေးတာကို အခွင့်ကောင်းယူပြီး စုဆောင်းဖွင့်လှစ်လာနိုင်ခဲ့တာပါ။

မေး – ရာမည စစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က ဘယ်လိုမျိုး ပြင်ဆင်ထားလဲ။

ဖြေ – ရာမည စစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က စစ်ရေးလှုပ်ရှားမှု အားနည်းနေသေးတဲ့ မွန်ပြည်နယ်မှာ တခြားစစ်ဒေသတွေနဲ့ ချိန်ကိုက်ညီညီ စစ်ရေးအရှိန်မြှင့်သွားဖို့ ရည်မှန်းချက်ချထားတာ ဖြစ်ပါတယ်။ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းရခြင်း အဓိကအကြောင်းကလည်း မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအနှံ့ စစ်ဒေသအသီးသီးမှာ ချိန်ကိုက်ညီညီ ဗျူဟာမြောက် စစ်ဆင်ရေးတွေ တချိန်တည်း ပြုလုပ်နိုင်ဖို့အတွက် စစ်ရေးအရှိန်အားနည်းနေသေးတဲ့ မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်ဖြစ်သွားဖို့ လိုလိမ့်မယ်။

မေး – လာမယ့် ဒီဇင်ဘာမှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာထားတော့ ဒီကြားကာလမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ အထူးသဖြင့် စစ်ကောင်စီတပ်ဘက်က ထိုးစစ်အသွင်ပြောင်းလာနိုင်မယ့် အခြေအနေ ရှိလာနိုင်မလား၊ ဘယ်လိုမြင်လဲ။

ဖြေ – လာမယ့် ဒီဇင်ဘာမှာ စကစက ရွေးကောက်ပွဲတွေ ပြုလုပ်ဖို့ ကြေညာထားတဲ့အတိုင်း မွန်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ မဲရုံလုံခြုံရေးတို့ အီလက်ထရောနစ်မဲပေးစက်တွေ ရွေ့ပြောင်းသယ်ဆောင်မှု လုံခြုံရေးအတွက် ရွေးကောက်ပွဲမပြုလုပ်ခင် နယ်မြေလုံခြုံရေးအတွက် စစ်ရေးအရ စကစဘက်မှ နယ်မြေရှင်းလင်းမှုတွေ ထိုးစစ်တွေတိုးချဲ့ ပြုလုပ်လာလိမ့်မယ်။ မိမိတို့ဘက်ကလည်း ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ရွေးကောက်ပွဲ ပျက်ပြားသွားအောင် လိုအပ်ပါက ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို မထိခိုက်နိုင်တဲ့ စစ်ရေးအရပါ တိုက်ခိုက်မယ်လို့ အတိအလင်းပြောထားတဲ့အတွက် နှစ်ဖက် ထိတွေ့ တိုက်ခိုက်မှုတွေ ပိုရှိလာမှာပါ။

မေး – ဒီအခြေအနေတွေမှာ ဒေသတွင်းနေ အရပ်သားပြည်သူတွေကို ဘာများ သတိပေးချင်တာရှိမလဲ။

ဖြေ – မွန်ပြည်သူတွေ ပြည်သားများနဲ့ ဒေသခံများကို တိုက်တွန်းပြောဆိုချင်တာက စကစကို အပြုတ်တိုက်နိုင်ရေး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးတွေ အရှိန်မြှင့် ပြုလုပ်လာခဲ့တယ်။ ပြုလုပ်နေကြတယ်။ အထူးသဖြင့် စကစရဲ့ အသက်ရှုပေါက် တစ်ပေါက်ဖြစ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် မအောင်မြင်အောင် ပျက်ပြားသွားအောင် တိုက်ဖျက်ဖို့အထူးလိုအပ်တယ်။ လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မရောက်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ မွန်ပြည်သူ ပြည်သားများအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် သတိဝိရိယရှိရှိ သွားလာနေထိုင် ရှောင်ကြည်ကြဖို့ အထူးမေတ္တာ ရပ်ခံချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.