ကိဗ်၊ ဇွန် ၃၀

မြေမြှုပ်မိုင်း အသုံးမပြုရေး အိုတာဝါ သဘောတူညီမှုကနေ ယူကရိန်း နုတ်ထွက်ကြောင်း အမိန့်ကြေညာချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ဇွန် ၂၉ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ မြေမြှုပ်မိုင်း ဝယ်ယူခွင့်၊ ထုတ်လုပ်ခွင့်၊ စုဆောင်းထားခွင့်နဲ့ အသုံးပြုခွင့် မရှိဘူးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် မိုင်းနင်းမိသူတွေဟာ ချက်ချင်း မသေဘူးဆိုရင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတတ်ပြီး မပေါက်ကွဲဘဲ ကျန်နေတဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေအတွက် ရေရှည်အန္တရာယ်ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောကြားပြီး မိုင်းအသုံးပြုမှုကို ရှုတ်ချထားပါတယ်။

အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံစလုံး အဲဒီ သဘောတူညီမှုမှာ မပါဝင်ပေမယ့် နိုင်ငံနဲ့နယ်နိမိတ်ပေါင်း ၁၆၀ ကျော်က လက်မှတ်ရေးထိုး သဘောတူထားတာ ဖြစ်ပါတယ်။

ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အရ မြေမြှုပ်မိုင်း အသုံးမပြုရေး သဘောတူညီမှုကနေ နုတ်ထွက်ကြောင်းအမိန့်ကို ဇွန် ၂၉ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဇီလန်စကီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာပါ။

အဲဒီ အမိန့်ကြေညာချက် အသက်ဝင်လာရေး ယူကရိန်း လွှတ်တော်က အတည်ပြုရဦးမှာ ဖြစ်သလို ကုလသမဂ္ဂဆီကိုလည်း အသိပေးရဦးမှာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ရတာဟာ ခက်ခဲပေမယ့် ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုကို တွန်းလှန်နေရချိန်မှာ ယူကရိန်း နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့နိုင်ငံကို ကာကွယ်ရေး ခြွင်းချက်မရှိ ဦးစားပေးဖို့ လိုအပ်တဲ့အတွက် အခုလိုမျိုး လုပ်ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားက မိမိတို့ရဲ့ ပြည်သူတွေနဲ့ မိမိတို့ရဲ့ စစ်တပ်ကို မြေမြှုပ်မိုင်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်နေပြီး ရန်သူက အတားအဆီးမရှိ အသုံးပြုနေချိန်မှာ မိမိတို့အနေနဲ့ သတ်မှတ်ချက်တွေကြောင့် ဆက်ပြီး ကန့်သတ် ထားလို့ မရတော့ဘူးလို့ ယူကရိန်း လွှတ်တော်အမတ် ရိုမန် ကော်စတန်တိုက ပြောပါတယ်။

ရုရှား အိမ်နီးချင်းတွေ ဖြစ်တဲ့ ပိုလန်၊ ဖင်လန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယားတို့ အဲဒီ သဘောတူညီမှုက နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း စစ်ကာလသုံးနှစ်ကျော် အကြာမှာ ယူကရိန်းက အခုလိုမျိုး နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.