မကွေး ဇွန် ၃၀

မကွေးတိုင်း ပခုက္ကူမြို့နယ်က ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ သာကြီးတောင်ရေနံမြေကို လက်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က စစ်ကောင်စီယာဉ်တန်း လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် သာကြီးတောင်ရေနံမြေကိုစစ်ကောင်စီတပ်တွေက ပြန်လည်စိုးမိုးထားတာပါ။

“အဓိကသူတို့က ယာဉ်တန်းလုံခြုံရေးလိုက်ပါလာတဲ့ စစ်ကြောင်းကအင်အားများတယ်။ အဲဒီမှာ တက်လုံးတော့ သူတို့ဘက်က အထိအခိုက်ရှိတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ခဏတာ နောက်ဆုတ်တဲ့သဘောမျိုးပဲ ဖြစ်မှာပါ။” လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သာကြီးတောင်ရေနံမြေဟာ မြို့နယ်ပကဖတွေနဲ့ မဟာမိတ်တပ်တွေ လှုပ်ရှားရာနေရာဖြစ်ပြီး တစ်နှစ်နီးပါး နယ်​​​မြေစိုးမိုးထားတာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အစီးရေ ၁၂၀ ကျော်ပါ ယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ အင်အား ၃၀၀ ဝန်းကျင် စစ်ကြောင်းက သာကြီးတောင်နယ်မြေမှာ အထိုင်ချထားပြီး ယာဉ်တန်းတွေကတော့ ဂျိုးပျံနဲ့ သာကြီးတောင်အနီးက မန်းကျီးသုံးပင်ရွာမှာ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ သာကြီးတောင်ရေနံမြေကို ရောက်နေတဲ့ စစ်ကြောင်းကို ကြိုဖို့အတွက် ပေါက်မြို့နယ် ကပစ ၂၄ က စစ်ကြောင်းလည်း ထွက်ခွာသွားတာကြောင့် ပေါက်-ကမ္မလမ်းပိုင်း ပေါက်မြို့နယ်က ကျေးရွာ ၂၅ ရွာ​​က ဒေသခံတွေလည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သာကြီးတောင်ရေနံမြေမှာ စစ်ကောင်စီတပ်တွေအထိုင်ချပြီး နောက်တစ်ရက် ဇွန် ၂၆ ရက်မှာ အနီးဝန်းကျင်ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးအပါအဝင် ၃ ဦး​သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.