တီဟီရန် ဇွန် ၃၀

အမေရိကန်အနေနဲ့ သံတမန်ရေး ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ ဆန္ဒရှိရင် အီရန်ကို နောက်ထပ် မတိုက်ခိုက်ရေး ကတိပြုဖို့ လိုအပ်တယ်လို့ တီဟီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ညှိနှိုင်းမှုတွေ ပြန်လုပ်ဖို့ ဆန္ဒရှိကြောင်း ထရန့်အစိုးရက အီရန်ကို ကြားခံတွေကနေတဆင့် ပြောထားပေမယ့် ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ အရမ်းအရေးကြီးတဲ့ မေးခွန်းဖြစ်တဲ့ အနာဂတ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က ရှင်းရှင်းလင်းလင်း မပြောထားဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မာဂျစ် တာ့ခ် ရာဗန်ချီက ပြောလိုက်တာပါ။

ဇွန် ၁၅ ရက် မူစကတ်မြို့မှာ အမေရိကန်နဲ့အီရန်ကြား တိုက်ရိုက် မဟုတ်တဲ့ ခြောက်ကြိမ်မြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားချိန် ဇွန် ၁၃ ရက် မနက်ပိုင်းမှာ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး-အီရန်စစ်ပွဲမှာ အမေရိကန် တိုက်ရိုက် ပါဝင်လာခဲ့ပြီး အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အီရန်အနေနဲ့ ယူရေနီယံ သန့်စင်ခွင့်အတွက် အခိုင်အမာ တောင်းဆိုသွားမှာ ဖြစ်ပြီး နျူကလီးယား ဗုံးထုတ်လုပ်ရေး တိတ်တဆိတ် ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချကြောင်း ဝန်ကြီး တာ့ခ် ရာဗန်ချီက ပြောထားတာပါ။

အီရန်အနေနဲ့ သုတေသနစီမံကိန်းအတွက် နျူကလီးယား ပစ္စည်းတွေ လေ့လာခွင့် ငြင်းပယ်ခံထားရတာကြောင့် ကိုယ့်အားကိုယ်ကိုးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

သန့်စင် ထုတ်လုပ်မှု အတိုင်းအတာနဲ့ပမာဏကို ညှိနှိုင်းဆွေးနွေးလို့ ရနိုင်ပေမယ့် လုံးဝ ယူရေနီယံ မသန့်စင်ရ၊ သဘောမတူရင် ဗုံးကြဲတိုက်ခိုက်မယ်ဆိုတာက တောတွင်းဥပဒေသသာ ဖြစ်တယ်လို့လည်း ဝန်ကြီး တာ့ခ် ရာဗန်ချီက ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယား စက်ရုံတွေရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိရတဲ့ အချိန်မှာ သူက အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန် နျူကလီးယား စက်ရုံတွေ လုံးဝ ပျက်စီးသွားတယ်လို့ ပြောထားပေမယ့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ IAEA အကြီးအကဲက ထိခိုက်ပျက်စီးသွားတာ မှန်ပေမယ့် လုံးလုံးလျားလျား ပျက်စီးသွားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို လပိုင်းအတွင်း ပြန်စတင်နိုင်စွမ်းရှိတယ်လို့ IAEA က ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.