ကျောက်မဲ၊ ဇွန် ၃၀
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဇွန် ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသား ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ ည ၉ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ခြောက်လုံး ထပ်မံလရောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦး အပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅၁ လုံးနဲ့ စာသင်ကျောင်း နှစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA