ကျောက်ကြီး ဇူလိုင် ၁
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဟင်္သာဝဲကျေးရွာထဲကို ဇွန် ၂၈ ရက်နေ့က စစ်ကောင်စီလေတပ်ကနေ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးထဲမှာ အသက် ၂ နှစ်အရွယ် ကလေး ၂ ဦး၊ အသက် ၁၂ အရွယ် ကလေးတစ်ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ ပါဝင်ကြပါတယ်။
ဒါ့အပြင် အဲဒီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၉ လုံး ထိခိုက်ပျက် စီးသွားခဲ့ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို ဆေးပေးခန်းမှာ ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က KNLA PDF ပူးပေါင်းတပ်ဖွဲ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အ တွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂၂ ဦးနဲ့အတူ လက်နက်ခဲယမ်းအများအပြားကို ပူးပေါင်းတပ်တွေဘက်က သိမ်း ဆည်းရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အထိနာသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျောက်ကြီးမြို့နယ်ထဲကို အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲတိုက်မှုတွေ မကြာခဏလုပ်ဆောင်နေလျက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU