ရေး၊ ဇွန် ၂၉
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလအတွင်း ရေးမြို့နယ် အစင်ကျေးရွာ ပန်ဒါဆိပ်ကမ်းကနေ တပ်အင်အား ဖြည့်တင်းမှု သုံးကြိမ်ထက်မနည်း ပြုလုပ်ထားပြီး တစ်ကြိမ်လျှင် အနည်ဆုံးအင်အား ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
ရေလမ်းကြောင်းကနေ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှာ စုရုံးပြီးနောက် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေထံ အင်အားဖြန့်ခွဲတာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီရဲ့ တပ်အင်အားဖြည့်တင်းမှုဟာ လာမယ့်ရွေးကောက်ပွဲအတွက် ရေးမြို့နယ်မှာ သူတို့ထိန်းချုပ် ဧရိယာပိုများလာဖို့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေအရ စစ်ကောင်စီတပ်ဟာ လာမယ့်ဇူလိုင်လကစလို့ ရေးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးဖို့ ရှိနေတာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးတာတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ