မော်လမြိုင် ၊ ဇွန် ၂၉
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအတွင်း မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM နဲ့ မဲပေးနိုင်ဖို့အတွက် ဆိုကာ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်တွေ့ စမ်းသပ်ပြသမှု ပြုလုပ်လာပါတယ်။
မဲပေးစက် MEVM နဲ့ လက်တွေ့ မဲပေး စမ်းသပ်ပြသခြင်း အခမ်းအနားကို ဇွန်၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ မော်လမြိုင် နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
မဲပေးစက် MEVM နဲ့ မဲပေး စမ်းသပ်ပြသခြင်းကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က လာရောက်ကာ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေ၊ မော်လမြိုင် နည်းပညာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေအပြင် ကျောင်းသား၊ ကျောင်းသူတွေကိုပါ ပြသခဲ့ပါတယ်။။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ လူငယ် တစ်ဦးကတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည် မရှိသလို ရွေးကောက်ပွဲကြောင့် ပဋိပက္ခ ပိုမိုကြီးမားလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့တော့ အယုံအကြည်တော့ မရှိဘူး။ ဒီရွေးကောက်ပွဲဆိုတာ သူ့ရဲ့ ထွက်ပေါက်ပေါ့နော်။ ထွက်ပေါက်ကို သူကတော့ မရရအောင် လုပ်မယ်။တဖက်ကလည်း ဒါကို တားဆီးမယ်ဆိုရင်တော့ ပဋိပက္ခတွေ ပိုပြီးတော့ ကြီးမား လာမယ်။ အဆိုးတွေပဲ ဖြစ်လာမယ်လို့ ထင်တာပေါ့နော်။ တကယ့် ရာနှုန်းပြည့်တော့ အောင်မြင်မယ်လို့ မထင်ဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူအားလုံးရဲ့ ဆန္ဒမဲရရှိဖို့ မဖြစ်နိုင်သလို ထွက်ပေါ်လာမယ့် အစိုးရနဲ့ လွှတ်တော်ကလည်း ပြည်သူတွေကို ကိုယ်စားပြုမှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ လုပ်ပေမယ့် ဘာမှ ထူးခြား လာမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က အထွေထွေရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစမှာ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် စစ်ကောင်စီက သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ပြောဆိုနေပေမယ့် ဒေသတွင်းရှိ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကို အပြည့်အဝ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
တော်လှန်ရေး အင်အားစုတွေဘက်ကတော့ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် တရားမျှတမှု မရှိတဲ့ အထွေထွေ ရွေးကောက်ပွဲ အပေါ် ပြည်သူတွေအနေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI