မော်စကို၊ ဇွန် ၁၈

အစ္စရေးက အီရန်ကို ဆက်လက် တိုက်ခိုက်နေမှု တရားမဝင်ဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်မှာ ပြောကြားပြီး တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ ပဋိပက္ခအတွက် အဖြေကို သံခင်းတမန်လမ်းကြောင်းကပဲ ရှာဖွေနိုင်လိမ့်မယ်လို့ ပြောပါတယ်။

အီရန်ရဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက အပြင်အထန် ဆက်လက် တိုက်ခိုက်နေမှုဟာ နိုင်ငံတကာဥပဒေ သတ်မှတ်ချက်တွေအရ တရားမဝင်သလို နိုင်ငံတကာ လုံခြုံရေးအတွက် လက်သင့်မခံနိုင်တဲ့ အန္တရာယ်တွေ ဖန်တီးနေပြီး ကမ္ဘာမှာ နျူကလီးယားကပ်ဆိုး တစ်ခု ဖြစ်လာအောင် တွန်းပို့နေတာ ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တယ်လီဂရမ်ပေါ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဟာ နျူကလီးယား မပြန့်ပွားရေး သဘောတူညီမှုကို ကတိပြုထားဆဲ ဖြစ်ပြီး အမေရိကန်နဲ့လည်း နျူကလီးယား သဘောတူညီမှု အသစ် တစ်ရပ် ရယူဖို့ အသင့်ပြင်ထားဆဲ ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

အီရန် နျူကလီးယား စက်ရုံတွေရဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာနဲ့ ပတ်သက်လို့ အသေးစိတ်ကို နိုင်ငံတကာ အနျူမြူစွမ်းအင် အေဂျင်စီက အစီရင်ခံမယ့် အချိန်ကို စောင့်နေတယ်လို့လည်း ရုရှားက ပြောပါတယ်။

အစ္စရေးနဲ့ အီရန် ပဋိပက္ခမှာ ကြားဝင်ညှိနှိုင်းပေးသူအနေနဲ့ ပါဝင်ဖို့ အသင့်ရှိတယ်လို့ ရုရှားက ပြောကြားပြီး အီရန် သန့်စင်ထားတဲ့ ယူရေနီယံတွေကို လက်ခံ ရယူဖို့ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နျူကလီးယား လက်နက် ရရှိသွားရင် မိမိတို့နိုင်ငံ ရှင်သန် ရပ်တည်ရေးအတွက် အန္တရာယ်ရှိတာကြောင့် အီရန်ကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

အီရန်ရှိ မြေအောက်နျူကလီးယား စက်ရုံတွေကို အစ္စရေး တိုက်ခိုက်ရာမှာ အမေရိကန်ပါဝင်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြထားတာကြောင့် တင်းမာမှုအခြေအနေ ဆက်လက် မြင့်တက်လာနိုင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.