တနင်္သာရီ၊ မေ ၁၉

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးမှုကြောင့် အရပ်သား ၂၃၂ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီ ၉ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ဧပြီလအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေနဲ့ မြို့ပေါ်တွေမှာ အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ စစ်ကြောင်းထိုးချိန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေအပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၆ ဦးရှိခဲ့ပြီး လက်သည်မပေါ်ဘဲ အသတ်ခံရမှုကြောင့် သေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် တစ်ဦး သေဆုံးခဲ့ကာ သူဟာ ကော့သောင်းမြို့နယ် သောင်ဖြူဖြူကျေးရွာနေ ဦးမြင့်လွင်ဦး ဖြစ်ပြီး အိမ်ခြံမြေပွဲစားတစ်ဦးလို့ FE 5 Thanintharyi က ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံသူ ဦးရေ ၂၃၂ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီထဲမှာ ၅၀ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဧပြီလအတွင်း ထိုင်းနိုင်ငံ ရနောင်းဘက်ကနေ ကော့သောင်းမြို့ကို နေရပ်ပြန်ပို့လာသူ ၂၀၈ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ ၁၅၀ နီးပါးကို စစ်ကောင်စီက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သူ ၃၃၄ ဦး ထက်မနည်းရှိခဲ့ပြီး ၁၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့
ပုံစာ – တနင်္သာရီတိုင်းက စစ်ရှောင်ပြည်သူအချိူ့အား တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.