ဒူဘိုင်း၊ မေ ၁၆
အမေရိကန်က နိုင်ငံပြင်ပ ယူအေအီးမှာ အကြီးမားဆုံး ဉာဏ်ရည်တု AI အဆောက်အအုံ တစ်ခု တည်ဆောက်ရေး နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်က AI နည်းပညာကို အသုံးချလာနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကြောင့် အဲဒီ သဘောတူညီမှုဟာ အရင်က တားမြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ရဲ့ ဒေတာစင်တာတွေမှာ Nvidia ဒါမှမဟုတ် တခြား ကုမ္ပဏီတွေရဲ့ AI ချပ်စ်တွေထဲက ဘယ်ဟာကို သုံးမလဲဆိုတာကို နှစ်နိုင်ငံစလုံးက မပြောသေးပါဘူး။
ဒါပေမဲ့ အခု သဘောတူညီမှုကြောင့် ယူအေအီးအနေနဲ့ အဆင့်မြင့် AI ချပ်စ်တွေ အသုံးပြုခွင့် ရရှိလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မေ ၁၅ ရက်က အဘူဒါဘီရှိ နန်းတော် တစ်ခုမှာ ယူအေအီးသမ္မတ ဇေယက် အယ်လ် နာယန်း၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့နဲ့ Nvidia အမှုဆောင် အရာရှိချုပ် ဂျန်ဆန် ဟွန်းတို့ ပြောဆို ဆွေးနွေးနေကြတာကို ရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။
မေ ၁၅ ရက် ထရန်ရဲ့ အဘူဒါဘီ ခရီးစဉ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးခဲ့တဲ့ ကာလရှည် မျှော်လင့်ခဲ့ရတဲ့ သဘောတူညီမှုဟာ ယူအေအီး အတွက် အဓိက အောင်ပွဲ ဖြစ်ပါတယ်။

ယူအေအီးက သူတို့ရဲ့ ကာလကြာရှည် မဟာမိတ် အမေရိကန်၊ သူတို့ရဲ့ အကြီးမားဆုံး ကုန်သွယ်ရေး လက်တွဲဖော် တရုတ်တို့နဲ့ ဆက်ဆံရေးကို ဟန်ချက်ညှိဖို့ ကြိုးပမ်းနေချိန်မှာ အခုလို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ရေနံ အများအပြား ထုတ်လုပ်နေတဲ့ ယူအေအီးက ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာပိုင်ဆိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေဖို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲနေပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကြောင့် အရင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ အမေရိကန် ကွန်ပြူတာ ချပ်စ်တွေ အသုံးပြုခွင့် အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။
ယူအေအီးက အမေရိကန် ဒေတာစင်တာတွေမှာ ရင်းနှီးမြှုပ်နှံရေး၊ တည်ဆောက်ရေးနဲ့ ရန်ပုံငွေ ထောက်ပံ့ဖို့ သဘောတူထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အဘူဒါဘီမြို့ရှိ ၂၅ ဒသမ ၉ စတုရန်း ကီလိုမီတာကျယ်ဝန်းတဲ့ နေရာမှာ အဲဒီ AI အဆောက်အအုံကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
Ref:Reuters