ကော့ကရိတ်၊ ဧပြီ ၁၉
ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ဘက်ပိုင်းနဲ့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
သင်္ကြန်အကျနေ့ကတည်းက စတင်ခဲ့တဲ့ ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာက စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင်စခန်းတစ်ဝိုက်နဲ့ ကျုံဒိုးမြို့အနီး ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတစ်လျှောက်က ကျေး ရွာတွေမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
ဧပြီ ၁၄ ရက်နေ့က စတင်ခဲ့တဲ့ ကော့ကရိတ်မြောက်ပိုင်း ရင်ကွဲတောင်စခန်းတစ်ဝိုက်နဲ့ ကျုံဒိုး-ကော့ကရိတ်အာရှလမ်းတစ်လျှောက်က တိုက်ပွဲတွေဟာ ဧပြီ ၁၈ ရက်နေ့ ရောက်လာတဲ့အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေအသုံးပြုကာ ကျေးရွာတွေအပေါ် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
သင်္ကြန်ကာလအတွင်း ကျုံဒိုးမြို့အနီးကျေးရွာတွေနဲ့ ကျုံဒိုး-ကော့ကရိတ်အာရှလမ်းတစ်လျှောက်က ကျေးရွာတွေဖြစ်ကြတဲ့ လေးတိုင်၊နွားခြံကုန်း၊ငါးတိုင်၊အင်းကြီး၊ကော့ဝါးလယ်၊အုန်းတပင် ၊ကမ်းနီ၊သရက်တော၊ ရေပူ စတဲ့ကျေးရွာတွေနဲ့ ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာ၊ ကော့ကလောင်ရွာ၊ ကော့ကရိတ်တောင်ပိုင်း ကျိုက်သလိုက် လန်ဖား သုံးဆယ်သုံးဆူ ဒေါက်ပရံ စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှု ဒရုန်းပစ်ချတိုက်ခိုက်မှုတွေကြောင့် သင်္ကြန်ကာလအတွင်းမှာ ကျုံဒိုးမြို့အနီးအနား ကျေးရွာတွေက ကိုယ်ဝန်ဆောင်၊ ကလေးနဲ့ လူကြီးတွေအပါအဝင် ဒေသခံပြည်သူ ၂၀ နီးပါး သေဆုံးသွားခဲ့ပြီး ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုထားပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ အ ရပ်သားပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တချို့ရွာတွေထဲမှာလည်း အရပ်သားတွေထွက်ခွင့်မရဘဲ ပိတ်မိနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေသလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့နယ်မြေတွေက ကျေးရွာတွေမှာ ပိတ်မိထွက်ခွင့်မရတဲ့ ပြည်သူတွေအပေါ် ကူညီကယ်ဆယ်ထုတ်ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျုံဒိုးမြို့ အနီးအနားတစ်ဝိုက်က ကျေးရွာတွေမှာ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး ဖုန်းလိုင်းပြတ်တောက်တာတွေ ဖြစ်ပေါ်နေခဲ့ပြီး ကျုံဒိုးမြို့ပေါ်မှာသာ ဖုန်းလိုင်းရရှိတော့တာဖြစ်တယ်လို့လည်း ဒေသခံတွေက အသိပေးထားပါတယ်။
တစ်ပတ်နီးပါးကြာလာတဲ့ ကော့ကရိတ် ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်ကနေ လေယာဉ်နဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေလည်း တပ်အင်အားဖြည့် ဆည်းတာတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ