ဘန်ကောက် ဧပြီ ၁၄
ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA နယ်မြေမှာ နှစ်လကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်နေသူ အာဖရိကနိုင်ငံသားအများစု ပါဝင်တဲ့ နိုင်ငံခြားသား ၂၇၅ ဦးဟာ ဧပြီ ၁၃ ရက်က သောင်ရင်းမြစ်တလျှောက်မှာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အိမ်ပြန်ချင်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အီသီယိုးပီးယားနိုင်ငံသားအများစုနဲ့ တခြားအာဖရိကနိုင်ငံသားတွေဟာ DKBA ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ တက်ခ်ပြည်နယ်၊ ဖုတ်ဖရခရိုင်က ဘန်ချောင်ကတ်ဒေသတစ်ဖက်မှာရှိတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့က တိုင်ရှမ်း ၁ လို့ခေါ်တဲ့ မီးခိုးရောင် စီးပွားရေးဇုန် ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကတော့ နှစ်လကျော်ကြာ သူတို့ရဲ့ သံရုံးတွေကနေ ပူးပေါင်းဆောင်ရွက်မှုကို စောင့်ဆိုင်းခဲ့ကြပြီးနောက် မိခင်နိုင်ငံဆီ ပြန်ဖို့အတွက် ထိုင်းနိုင်ငံထဲဝင်ဖို့ အဲဒီထိန်းချုပ်ဒေသကနေ ထွက်ခွာရေး ကြိုးစားခဲ့ကြတာပါ။
အဲဒီဆန္ဒပြမှုအတွင်းမှာ ဆန္ဒပြသူတေွကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့ပြီး အချင်းများခဲ့တဲ့ DKBA ကရင်စစ်သားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရာကနေ တင်းမာမှုတွေ မြင့်တက်ခဲ့တာလို့ ထိုင်းဘက်က လာတဲ့ သတင်းတွေမှာ ရေးပါတယ်။
ဖုတ်ဖရရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအရာရှိတွေနဲ့အတူ ရာဂျာမန်နူတပ်ဖွဲ့၊ နရဲစွမ်တပ်ဖွဲ့က ထိုင်းစစ်တပ်အရာရှိတွေဟာ သက်ဆိုင်ရာအဖွဲ့တွေ အားလုံးနဲ့ ညှိနှိုင်းနေစဉ်အတွင်း တရားမဝင် ဖြတ်သန်းဝင်ရောက်လာမှုကို တားဆီးဖို့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတိုးမြှင့် ချထားခဲ့တယ်လို့ သိရပါတယ်။
ထိုင်းဘက်ကတော့ ဖြိုခွင်းခံရတဲ့ ငွေလိမ်ဝန်ထမ်းတွေကို စစ်ဆေးရှင်းလင်းရေး လုပ်ငန်းစဉ်လုပ်ပြီးတာနဲ့ သူတို့ရဲ့ မိခင်နိုင်ငံဆီ ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ အလေးပေး ပြောထားပြီး လက်ရှိအချိန်အထိ လူပေါင်း ၈ ထောင်ကျော်ကို နေရပ် ပြန်လည်ပို့ဆောင်ပြီး ဖြစ်ပါတယ်။
ဒါကြောင့်မို့ သင့်လျော်တဲ့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ထဲ မရောက်သေးတဲ့ ဘယ်နိုင်ငံခြားသားမဆို နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဖို့ ကြိုးပမ်းမယ်ဆိုရင် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစီရင်ခံရမှာဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာမှုတွေဟာ ထိုင်းဘက်ကကြောင့် မဟုတ်ဘဲ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်လည် လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ DKBA တပ်ဖွဲ့ဝင်တွေဟာ အဲဒီဆန္ဒပြ နိုင်ငံခါးသားတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လာမယ့် ဧပြီ ၁၈ ရက် မြဝတီမြို့မှာ မြန်မာအာဏာပိုင်တွေဆီ အဲဒီ နိုင်ငံခြားသား ၂၇၅ ဦးလုံးကို လွှဲပြောင်း ပေးသွားမယ်လို့ ကတိပေးထားပါတယ်။
အဲဒီ နိုင်ငံခြားသားတွေ မိခင်နိုင်ငံတွေဆီ ပြန်ဖို့ လုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေရတာဟာ သူတို့ကို လက်ခံဖို့ မိခင်နိုင်ငံတွေက အဆင်သင့်မဖြစ်သေးတာကြောင့်ဖြစ်ပြီး အဲဒီကိစ္စအပေါ် သက်ဆိုင်ရာ ထိုင်းအဖွဲ့က ကျေနပ်မှု မရှိဘဲ ဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
Ref:khaosodenglish