ဆိုးလ်၊ ဧပြီ ၈

သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ရဲ့ ခေတ္တပဲကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ပတ်သက်လို့ သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ကြားဖြတ် သမ္မတရွေးကောက်ပွဲ ကျင်းပမယ့် ရက်အဖြစ် ဇွန် ၃ ရက်ကို တောင်ကိုရီးယားအစိုးရက သဘောတူ ခွင့်ပြုပေးလိုက်ပါတယ်။

ရွေးကောက်ပွဲအတွက် အများပြည်သူ အားလပ်ရက်တစ်ရက်ကို သဘောတူ ခွင့်ပြုပေးဖို့ လိုအပ်တဲ့အတွက် အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးပြီးနောက် အဲဒီရက်စွဲကို အစိုးရအဖွဲ့က ဧပြီ ၈ ရက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြီး လွှတ်တော် အစည်းအဝေး မကျင်းပနိုင်အောင် စစ်သားတွေ စေလွှတ်ခဲ့တဲ့အတွက် ယွန်ကို သမ္မတ တာဝန် ချိုးဖောက်မှုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

သမ္မတနေရာ လစ်လပ်သွားရင် ရက်ပေါင်း ၆၀ အတွင်း သမ္မတ ရွေးကောက်ပွဲအသစ် ကျင်းပပေးရမယ်လို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။

သမ္မတဟောင်း ယွန်ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာပြီးနောက် သူ့ကို လွှတ်တော်က စွပ်စွဲ ပြစ်တင်ခဲ့သလို သူ့နေရာမှာ အစားထိုး တာဝန်ယူတဲ့ ယာယီခေါင်းဆောင် ဝန်ကြီးချုပ် ဟန်ယက်ဆူးလ်ကိုလည်း စွပ်စွဲ ပြစ်တင်ခဲ့ကြတဲ့အတွက် တောင်ကိုရီးယားမှာ လနဲ့ချီပြီး နိုင်ငံရေး မတည်ငြိမ် ဖြစ်ခဲ့ရပါတယ်။

ဝန်ကြီးချုပ် ဟန်အပေါ် စွပ်စွဲ ပြစ်တင်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက နောက်ပိုင်းမှာ ရုပ်သိမ်းပေးခဲ့အတွက် သူဟာ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ယာယီခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးနေရာ လစ်လပ်နေမှုဟာ အမေရိကန်သမ္မတ ထရန့်ရဲ့ အခွန် တိုးမြှင့်ကောက်ခံမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ မဲ အနည်းငယ်နဲ့ သမ္မတဟောင်း ယွန်ကို ကပ်ပြီး ရှုံးနိမ့်ခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ လူပြိန်းကြိုက် ခေါင်းဆောင် လီဂျေးမြောင်ဟာ ရွေးကောက်ပွဲမှာ ဦးဆောင်မယ့်သူအဖြစ် တစ်ပြေးနေပေမယ့် သူဟာ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုနဲ့ လာဘ်ပေးလာဘ်ယူမှု အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.