ကျိုက်ထို၊ မတ် ၂၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာက ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦး နေ အိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၇ နာရီကျော်အချိန်လောက်မှာ ကျေးရွာမီးလင်းရေးကော်မတီဝင် အသက် ၅၂ နှစ်အရွယ် ဦးစိုးမင်းဦးကို သေနတ်သမားတွေက နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်သွားတာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးစိုးမင်းဦးဟာ ဦးခေါင်းနဲ့ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင် ဒဏ် ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသူ ဦးစိုးမင်းဦးဟာ ကျေးရွာမီးလင်းရေးကော်မတီဝင် တစ်ဦး ဖြစ်ပြီး စစ်ကောင်စီတပ်အ တွက် အလုပ်လုပ်ပေးမှု ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ဦးစိုးမင်းဦးကို လာမပစ်သတ်ခင် ရက်ပိုင်းအလိုက ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သတိပေးစာ ပေးပို့ထားတယ်လို့ သိရပေမယ့် ဘယ်အဖွဲ့က လာပို့သွားတယ်ဆိုတာ မသိရပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တွေ စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာကြောင့် အရာရှိနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media