အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“နောင်ချိုမြို့နဲ့ မကွေးတိုင်း မြိုင်အနီးတဝိုက်ရှိ ကျေးရွာတွေဟာ တော်လှန်ရေးအင်းအားစုတွေ ကြီးစိုးရာ ဖြစ်တဲ့အတွက် ဗုံးကြဲနိုင်ဖို့ မြေပုံအညွှန်း၊ ကျေးရွာအမည်အတိအကျနဲ့ PDF တွေ နေထိုင်ရာ နေရာတွေ ဖြစ်တယ်”ဆိုပြီး စစ်ကောင်စီတပ် လော်ဘီတွေ ဝါဒဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် နေပြည်တော်၊ Snow Queen၊မှိုင်းဝေ၊ဝေဖြိုးစတဲ့ အကောင့်တွေကနေ မတ်လ ၁၇ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သား ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုများလာပြီး အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လမှာလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့သူ ၂၁၀ ဦး ရှိခဲ့ပြီး မတ်လ ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် ကိုရင်နဲ့ သံဃာခြောက်ပါးနဲ့ ဒေသခံသုံးဦး၊ စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။

နောင်ချိုမှာ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုနဲ့ ဒရုန်း ပစ်ခတ်မှုဒဏ်ကြောင့် တစ်မြို့လုံး ကြေမွ ပျက်စီးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေအပါအဝင် ရွာသူရွာသားတွေ ခိုလှုံစရာ နေရာမရှိတော့တဲ့အတွက် စစ်တပ်ကို ဗုံးလာမကြဲဖို့ ရဟန်းသံဃာတွေနဲ့ ဒေသခံတွေက လူမှုကွန်ရက်မှာ မေတ္တာရပ်ခံ တောင်းဆိုရေးသားမှုတွေ ရှိလာတယ်လို့ BBC က ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်ကောင်စီ မအုပ်ချုပ်ရတဲ့ နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFထောက်ခံတဲ့ဒေသတွေဆိုပြီး လေကြောင်းနဲ့တိုက်ခိုက်နေတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဘာမှမဆိုင်တဲ့ လူစည်ကားတဲ့ ဈေးနေရာတွေကို လေကြောင်းနဲ့ ဆက်တိုက်တိုက်ခိုက်နေပြီး PDF သိမ်းပိုက်ထားတဲ့နယ်မြေက အရပ်သားပြည်သူတွေ ဒီထက်ပိုပြီး သေကြေပျက်စီးရုံသာ ရှိတော့မယ်လို့ ဒေသခံပြည်သူတွေနဲ့ လွတ်လပ်သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/TiEur

မြေလတ်သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/AeKlw

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/sMPyg

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.