အမှန်/အမှား

++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးရွာဆေးပေးခန်းကို ဗုံးကြဲတာမဟုတ်ဘဲ နှမ်းခါးရွာအတွင်းရှိ လက်နက်စတိုခန်းကို ဗုံးကြဲခြင်းသာဖြစ်တယ်”စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် နေပြည်တော်၊sai pan hpa စတဲ့ အကောင့်တွေကနေ မတ် လ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိနှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုတွေနဲ့ ဆေးခန်းလာပြတဲ့ လူနာတွေအပါအဝင် ၁၁ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာနMFP မှာတော့ နှမ်းခါးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ လာရောက်ကာ ဆေးခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်နဲ့ လူနာတွေကို ဗုံးကြဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

နှင်းခါးကျေးရွာဆေးပေးခန်းဟာ ၂၀၂၂ ခုနှစ်လောက်ကစလို့ ပေါ်ပေါက်လာခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် အားကိုးရာ ဖြစ်ခဲ့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အရေးပေါ်နဲ့ ပြင်းထန်တဲ့ ရောဂါတွေအတွက် ဂန့်ဂေါ၊ မကွေး၊ ပခုက္ကူ၊ မန္တလေးမြို့တွေကို သွားကုကြရပြီး သာမာန်နေမကောင်းတဲ့သူတွေအတွက်ကတော့ ဒီဆေးပေးခန်းကို အားကိုးနေကြရဖြစ်တယ်လို လွတ်လပ်သောသတင်းဌာနတွေမှာ ရေးသားထားကြပါတယ်။

စစ်ကောင်စီက အရပ်သားတွေ ရှိတဲ့ ဆေးရုံ၊ ကျေးလက်ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းတွေစတဲ့ အရပ်ဘက်ပစ်မှတ်နေရာတွေကို လေကြောင်းကနေ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး PDF တွေကို ထောက်ခံတဲ့ဒေသတွေဖြစ်တဲ့အတွက် PDF တွေ ထိန်းချုပ်လို့မရ အောင် တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချီနေတာကို စိစစ်တွေ့ရှိရပါတယ်။

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/rSlc1

Myanmar now သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/dxdO3

Mandalay_Free_Pressသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/FTd0c

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.