အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “လေကြောင်းတိုက်ခိုက်ခံရတဲ့ နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ဟာ PDF အားပေးထောက်ခံနေသလို ကျောင်းအတွင်း PDF တွေ ခိုအောင်းနေတာကြောင့် ဗုံးကြဲတိုက်ခိုက်ရတာ ”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် Snow Queen၊မှိုင်းဝေ၊ဝေဖြိုးစတဲ့ အကောင့်တွေကနေ မတ်လ ၁၇ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ဘေးရှောင်တွေ တိမ်းရှောင်ခိုလှုံနေတဲ့ စိန်ရတနာပရိယတ္တိစာသင်တိုက်ဝန်းထဲ မတ် ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး လေးလုံးအပြင် စက်သေနတ်တွေ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်တွေအပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးတဲ့ သတင်းဖြစ်စဉ်ကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
စာသင်တိုက်ထဲမှာ စာသင်သား ၁၀၀ နီးပါး သီတင်းသုံးနေတာဖြစ်ပြီး စစ်ကောင်စီနဲ့ တအာင်းတပ် TNLA တို့အကြား ဖေဖော်ဝါရီလက တွေ့ဆုံဆွေးနွေးခဲ့ရာ အောင်မြင်မှုမရရှိခဲ့တဲ့နောက်ပိုင်း အခုလို အရပ်သားတွေ ရှိတဲ့နေရာတွေကို မခွဲခြားဘဲ တိုက်ခိုက်နေတာဖြစ်တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေရာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနေရာ မဟုတ်ဘဲ ဒေသခံတွေ စစ်ရှောင်တဲ့ နေရာဖြစ်တယ်လို့ နောင်ချိုဒေသခံတွေက Myanmar now ကိုပြောပြထားပါတယ်။
BBC ရဲ့ မတ်လ ၁၇ ရက် နောက်ဆုံးအတည်ပြုထားနိုင်တဲ့အချက်အလက်အရ စိန်ရတနာပရိယတ္တိစာသင်တိုက်ဝန်းထဲ ဗုံးကျရောက် ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ သိရပါတယ်။
သံဃာ ၁ ပါး၊ ဒုလ္လဘရဟန်း ၁ ပါးနဲ့ ကိုရင် ၅ ပါးပျံလွန်တော်မူပြီး အရပ်သား ၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက ကိုရင် ၅ ပါးဟာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။
BBC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
People’s Spring သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်