နေပြည်တော် မတ် ၂၀

တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို စစ်မှု ထမ်းလုံးဝစုဆောင်းခြင်းမပြုဖို့နဲ့ အကြောင်းအမျိုးမျိုးနဲ့ မှားယွင်းစုဆောင်းခဲ့သူတွေ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုနေတယ်လို့ စစ်ကောင်စီကပြောပါတယ်။

ဒီကနေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ပြန် လည်နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှာ စစ်ကောင်စီတာဝန်ရှိသူတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်တွေ တပ်မတော်အတွင်းမှာ လုံးဝမကျန်ရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မှားယွင်းစုဆောင်းမိခဲ့တဲ့ တာဝန်ရှိသူတွေကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူနေတယ်လို့ ဆိုပါတယ်။

တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နှုတ်ထွက်ခွင့်ပြုလျက်ရှိရာ အသက်မပြည့် စစ်သည် ၉၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့ ရဲ့မိဘများထံသို့ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ တစ်ဖက်မှာအခုလို ပွဲတွေကျင်းပပြီး အရွယ်မရောက်သေးသူတွေကို နုတ်ထွက်ခွင့်ပြုနေပေမယ့်လည်း တစ်ဖက်မှာတော့ အရွယ်မရောက်သေးသူတွေ ပျောက်ဆုံးမှုများလာတာ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေပိုမိုခံနေရတယ်လို့ မော်လမြိုင်မြို့ခံပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအနေနဲ့အလားတူ မိဘများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွေကို ရန်ကုန်မြို့ စစ် ကြောရေးနဲ့ တည်းခိုရေးစခန်း၊ မြဝတီစာပေတိုက်ခန်းမတို့မှာ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အခမ်း အနားဖြင့် ၁၈ကြိမ်၊ တပ်မတော်အစီအစဉ်ဖြင့် လေးကြိမ်၊ ပေါင်း ၂၂ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း ၁၁၅၀ ဦးခန့်ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ ဆိုထားတာပါ။

တစ်ဖက်မှာတော့ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁၁ ကို မတ် ၁၇ ရက်နေ့က သက်ဆိုင်ရာတိုင်း စစ်ဌာချုပ်တွေမှာရှိတဲ့ သင်တန်းကျောင်းတွေမှာ ထပ်မံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းတက်ရောက်သူတွေဟာ စစ်မှုထမ်းဥပဒေအရ အရည်အချင်းပြည့်မီသူတွေ ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.