ကျိုက်မရော၊ မတ် ၂၀
မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင် ဝန် ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု ပိုမိုဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကျိုက်မရောထောင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ထောင်ဝန်ထမ်း ပွင့်ဖြူဝင်းနဲ့ တပ်သား မြင့်မြင့်ထွန်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပေးပို့လာတဲ့ အပ်ငွေတွေအပေါ် တစ်သိန်းလျှင် ကျပ်နှစ်သောင်း၊ သုံးသိန်းလျှင် ကျပ်ခြောက်သောင်းအထိ ဖြတ်ယူလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်သားမြင့်မြင့်ထွန်းဟာ ထောင်မှာ Wave Money Password နဲ့ ID နံပါတ်တွေယူပြီး ငွေထုတ်ပေးစဉ်အချိန်က တစ်သိန်းလျှင် ကျပ်သုံးသောင်းအထိ မတရားဖြတ်ယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကတော့ လက်ရှိကာလဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေး ကျပ်တည်းနေတဲ့အချိန်မှာ မိသားစုဝင်တွေရဲ့ ချွေးနည်းစာနဲ့ ပေးပို့တဲ့ အပ်ငွေကို စားသောက်ရေးအတွက် အပြည့်အဝသုံးစွဲလို့ မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ကျိုက်မရောထောင်က အကျင့်ပျက်ဝန်ထမ်းတွေကို တာဝန်ရှိသူတွေအနေနဲ့ စိစစ်အ ရေးယူပေးဖို့၊ ကျူးလွန်မှုတွေကို ဆက်လက်ပြုလုပ်နေပါက ရပ်တန့်နိုင်ရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မွန်ပြည်နယ် ကျိုက်မရောထောင်မှာ နိုင်ငံရေး ပုဒ်မတွေအပါအဝင် အခြားပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူအကျဉ်းသား ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media