မော်လမြိုင် ၊ မတ် ၂၀

မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လုံခြုံရေး အင်အားအများအပြားအသုံးပြုပြီး မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကိုတော့ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ဘေး သမိန်ဗရမ်းဘက်စုံသုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေအပါအဝင် ပျူစောထီး လုံခြုံရေးအင်အားရာနဲ့ချီ အသုံးပြုခဲ့တာပါ။

အခမ်းအနားကျင်းပဖို့အတွက် မော်လမြိုင် အထက်လမ်းမကြီး လိမ္မော်စင်လမ်းကနေ တနင်္သာရီလမ်းအထိ လမ်းပိတ်ခဲ့သလို အခမ်းအနားကျင်းပရာ နေရာအနီးမှာလည်း ဂျန်ဘာစက်ကြီး အများအပြား အထိုင်ချခဲ့ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ မွန်ပြည်နယ်နေ့ အခမ်းအနားအတွက် စစ်ကောင်စီဘက်က လုံခြုံ ရေး အင်အားအများအပြား အသုံးပြုထားတာတွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုံခြုံရေး တင်းကျပ်ထားတာ မနေ့ကဆို ပိုတောင်များတယ်။ မနေ့ကဆိုရင် သူတို့ကဘာလုပ်လဲဆိုတော့ ဆိုင်တွေရှင်းလင်းတယ်။ ဆိုင်တွေရှင်းလင်းပြီးတော့ မိုင်းရှာတဲ့စက်တွေနဲ့ရှာတယ်။ ပြီးတော့ မနေ့က ဂျန်ဘာတွေတပ်တယ်၊ ယာယီပေါ့၊ လုံခြုံရေးအရ မနေ့ကဆို ပိုတောင်များသေးတယ်။ ဒီနေ့လည်း တအားများပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နေ့ အခမ်းအနား လုံခြုံရေးအတွက် မြို့ဝင် မြို့ထွက်နေရာတွေမှာ ပိတ်ဆို့စစ် ဆေးတာ၊ မြို့တွင်းအင်အားပြလှည့်လည်တာအပြင် စစ်ဆေးမှုတွေကအစ တင်းတင်းကျပ်ကျပ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်နေ့ အခမ်းအနား ကျင်းပနေတဲ့အချိန် မော်လမြိုင် အထက်လမ်းမကြီး အပိတ်ခံထားရတာကြောင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေဟာ အောက်လမ်းမကြီးကိုသာ အသုံးပြုခဲ့ရတဲ့အတွက် လမ်းပိတ်ဆို့မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကိုတော့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီခန့် ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ တက်ရောက်ခဲ့တာပါ။

မွန်ပြည်နယ်နေ့ အခမ်းအနားမှာ စစ်ကောင်စီက ဌာနဆိုင်ရာ ပြခန်းတွေ၊ MSME ထုတ်ကုန် အရောင်းပြခန်းတွေ၊ လယ်ယာ၊စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍအလိုက် ပြသနေတဲ့အပြင် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးက ထုတ်ကုန်တွေ ပြသခိုင်းထားတာပါ။

SME လုပ်ငန်းရှင်တစ်ဦးကတော့ မွန်ပြည်နယ်နေ့မှာ စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားတာကြောင့် ဧည့်သည်မလာနိုင်တဲ့အပြင် ဆိုင်ခန်းခဈေးကြီးတဲ့အတွက် ဒေသထုတ်ကုန်တွေ မပြဖြစ်ဘူးလို့ ပြောပါတယ်။

“မွန်ပြည်နယ်နေ့မှာ ဧည့်သည်မှမလာတာ။ သူဆိုင်ခန်းပေးတာနဲ့ ဆိုင်ခန်းခပေးရတာနဲ့ အရှုံးပေါ် ဘာသွားလုပ်မလဲ။ သူ့ဆိုင်ခန်းခကြီးကို မနည်းဘူးကုန်မှာ။ အဲဒါမို့ မသွားပြဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်နေ့ အခမ်းအနားမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သလို ပြည်နယ်အတွင်းက စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေကိုလည်း လူမှုထူးချွန်ဆုတွေ ပေးအပ်ခဲ့ပါတယ်။

၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို တက္ကသိုလ်ဝင်စာမေးပွဲတွေ ရှိနေပေမယ့် စစ်ကောင်စီဘက်ကတော့ မတ် ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.