ဝါရှင်တန်၊ မတ် ၁၉
မတ် ၁၈ ရက်က ဖုန်းခေါ်ဆို ဆွေးနွေးမှုအတွင်း ဒေါ်နယ် ထရန့်နဲ့ ပူတင်တို့က ယူကရိန်း စွမ်းအင် ပစ်မှတ်တွေကို ရုရှား တိုက်ခိုက်နေမှု ရပ်တန့်ရေး သဘောတူညီခဲ့ကြပေမယ့် ရာနှုန်းပြည့် အပစ်ရပ်ရေး သဘောတူညီမှု မရယူနိုင်ခဲ့ပါဘူး။
အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်တွေဟာ တစ်နာရီခွဲကျော်ကြာ ပြောဆို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေဖို့ မျှော်လင့်ကြောင်း နှစ်ဦးစလုံးက ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ အနောက်တိုင်း လိုလားတဲ့ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွင်း ရက် ၃၀ ကြာ အပစ်ရပ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်ကိုတော့ ရုရှားသမ္မတက သဘောမတူခဲ့ပါဘူး။
ယူကရိန်း စွမ်းအင် ပစ်မှတ်တွေကို တိုက်ခိုက်နေမှု ရက် ၃၀ ကြာ ရပ်တန့်ထားရေး ပူတင်က သဘောတူညီခဲ့ပြီး စစ်တပ်ကို ညွှန်ကြားထားပြီးပြီလို့ ကရင်မလင် နန်းတော်က ပြောပါတယ်။
စွမ်းအင်နဲ့ အခြေခံ အဆောက်အဦဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနဲ့အတူ ငြိမ်းချမ်းရေး ရရှိဖို့ ဆက်လက်ဆောင်ရွက်သွားရေး ခေါင်းဆောင် နှစ်ဦး သဘောတူညီခဲ့တယ်လို့ အိမ်ဖြူတော်က သီးခြား ပြောဆိုထားပါတယ်။
ရုရှား စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်နေမှု ရပ်ဆိုင်းထားရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် မိမိတို့ ထောက်ခံ သွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားပေမယ့် ရုရှားက တောင်းဆိုမှုအသစ်တွေ ပြုလုပ်ပြီးတော့ အမေရိကန် ဦးဆောင်တဲ့ ညှိနှိုင်းမှုတွေ နှောင့်နှေးအောင်၊ ယူကရိန်း အားပိုနည်းသွားအောင် ကြိုးပမ်းလိမ့်မယ်လို့ သတိပေးထားပါတယ်။

တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုဆီသို့ ဦးတည်သွားနိုင်တဲ့ ဘယ်လို အဆိုပြုချက်မျိုးကိုမဆို ထောက်ခံမယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
သုံးနှစ်ကြာ စစ်ပွဲအတွင်း ရုရှားက ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရုရှား ရေနံ အဆောက်အဦးတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ယူကရိန်းကလည်း စွမ်းအင် ပစ်မှတ်တွေကို တိုက်ခိုက်မှု ရပ်တန့်ဖို့ သဘောတူညီခဲ့ကြောင်း ကရင်မလင် နန်းတော်က ပြောပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အရှေ့အလယ်ပိုင်းမှာ ချက်ချင်း စတင်ရေးလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပြီး အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေး ပြန်ကောင်းလာရင် အခြေအနေ အများကြီး ကောင်းလာ နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် အဓိက သတ်မှတ်ချက်မှာ ယူကရိန်းသို့ အနောက်တိုင်းရဲ့ စစ်ရေးအကူအညီ၊ ထောက်လှမ်းရေး အကူအညီ ပေးနေမှု ရပ်တန့်ရေး ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ပြောကြားထားပါတယ်။
Ref:Agencies