ထားဝယ်၊ မတ် ၂၀

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကစပြီး ထားဝယ်မြို့နယ် စည်ပင်ကောက်ကျေးရွာကနေ ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် စည်ပင်ကောက်၊ ဇလွန်း၊ လိုင်းတောင်၊ ကတက်ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် ရှေ့ဆက်တိုးလာရင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ထားဝယ်အခြေစိုက် အမှတ် ၄၀၂ ခြေမြန်တပ်ရင်းက ဖြစ်ပြီး အဲဒီစစ်ကြောင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတပ်သား အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့နယ်ထဲက သပြား၊ ပကာရီ၊ ဘဲမတ်တပ်၊ ဝကုန်း၊ ဝပြင်နဲ့ သင်္ကန်းတုန်းကျေးရွာတို့ကို စစ်ကြောင်းထိုးခဲ့တဲ့အတွက် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခုနှစ်သောင်းခွဲကျော်အထိ တိုးလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5Thanintharyi ရဲ့အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.