မော်လမြိုင် ၊ မတ် ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြို့ဝင်မြို့ထွက်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက မသင်္ကာတဲ့သူတွေကို National Database စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးမှု ပြု လုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

National Database စနစ်ဟာ e-ID စနစ်နဲ့ နိုင်ငံအတွင်း နေထိုင်သူတွေရဲ့ အချက်အလက်တွေကို ကောက်ယူထားပြီး စုစည်းထားတဲ့ နေရာတစ်ခုဖြစ်သလို လိုအပ်ပါက လူပုဂ္ဂိုလ်အချက်အလက်တွေကို ရှာဖွေနိုင်တဲ့စနစ်မျိုး ဖြစ်ပါတယ်။

National Database စနစ်နဲ့ မှတ်ပုံတင်အချက်အလက်ကို ကွန်ပျူတာ ဒါမှမဟုတ် Tablet ထဲ ရိုက်ထည့်လိုက်ပါက လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက် PSMS (Person Scrutinization and Monitoring System) အားလုံး ကျရောက်လာပြီး ပြစ်မှုရှိမရှိကအစ စစ်ဆေးနိုင်တာပါ။

မော်လမြိုင်မြို့ မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က စက်မှုဇုန်ရပ်ကွက် အတ္ထရံတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ်တစ်ဦးကို National Database စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်ဟာ မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး မိခင်ဖြစ်သူ Non-CDM ဝန်ထမ်းဆရာမကို ဘားအံမြို့မှာ သွားရောက်တွေ့ဆုံပြီးနောက် အပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ လူငယ်ဟာ မော်လမြိုင်မြို့မှာ ပြစ်မှု မရှိပေမယ့် မန္တလေးတိုင်း မတ္ထီလာမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်‌ရေး ဥပ‌ဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ခံထားရတာဆိုပြီး စက်မှုဇုန်နယ် မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့မှာ ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

National Database စနစ်ကို လုပ်ဆောင်ဖို့အတွက် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာတော့ ကိုယ်ရေးအချက်အလက် ကောက်ယူပြီး Database ထဲထည့်တာ၊ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူတာနဲ့ စိစစ်တာ၊ Unique ID (UID) နံပါတ် ထုတ်ပေးတာအပြင် အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီဟာ မြို့ဝင်၊ မြို့ထွက်တွေမှာ National Database စနစ်အသုံးပြုပြီး CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်ပြေး၊ ရဲပြေးအပြင် ပြစ်မှုကျူးလွန်သူတွေကအစ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ စစ်ကောင်စီအသိုင်အဝိုင်းထံကနေ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.