ဘားအံ၊ မတ် ၁၉

ကရင်ပြည်နယ် ဘားအံမြို့မှာ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေနဲ့မတူဘဲ စည်ကားစွာ ကျင်းပသွားမှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်အပါအဝင် သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဟာ ဘားအံမြို့တော်မှာ ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်း ပပြုလုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းနဲ့ အခုမတ်လတတိယ အပတ်လောက်မှာ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်ထားပါတယ်။

ဘားအံမြို့မှာ အခုနှစ်ရိုးရာသင်္ကြန်ပွဲတော်အတွင်း ကမ်းနားလမ်းတလျှောက်မှာ လမ်းလျှောက်သင်္ကြန်နဲ့ ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်တွေအပါအဝင် ကမ်းနားညဈေးတန်းနား သံလွင်မြစ်ထဲက သဲသောင်ပြင်ပေါ်မှာ သဲသောင်ပြင်သင်္ကြန်ပါ ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဘားအံမြို့ ကမ်းနားလမ်းမှာ ပြီးခဲ့တဲ့နှစ်တွေက ကျင်းပပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်မှာ ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်တွေ အများစုပါဝင်ပြီး လမ်းလျှောက်သင်္ကြန်နဲ့ စတုဒိသာမဏ္ဍပ်တွေကို ထည့်သွင်းကျင်းပခဲ့ကာ ဒေသခံလူငယ်တွေ အထိုက်အလျောက် လာရောက်ရေကစား ပျော်ပါးကြတာရှိခဲ့တယ်လို့ ဘားအံမြို့ခံတစ်ဦးက ဆိုပါတယ်။

ဘားအံမြို့ ကမ်းနားလမ်းမှာ မနှစ်သင်္ကြန်က အထိုက်အလျောက် နည်းနည်းပါးပါး စည်ကားခဲ့ပေမယ့် မြို့ပြင်တောရွာတွေမှာတော့ စည်ကားမှုမရှိဘဲ စတုဒိသာမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်အနည်းငယ်သာ ရှိခဲ့ပြီး စည်ကားမှုသိပ်မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။

အခုနှစ် ရိုးရာမဟာသင်္ကြန်ပွဲတော်မှာတော့ ဘားအံမြို့ ကမ်းနားလမ်းမှာ အရင်နှစ်သင်္ကြန်ပွဲတော်ထက် အတိုင်းအတာတစ်ခုလောက်ထိတော့ ပိုမိုစည်ကားပြီး လာရောက်လည်ပတ်ကြသူတွေ ပိုများလာမယ်လို့ ထင်မြင်ကြောင်း ဘားအံမြို့ခံ လူငယ်တစ်ဦးက သုံးသပ်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဘားအံသင်္ကြန်ပွဲတော်အတွက် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ရပ် ကွက်နေပြည်သူတွေဆီကနေ ငွေကြေးကောက်ယူတာတွေလည်း လုပ်ဆောင်ခဲ့ပြီး ဒီနှစ်သင်္ကြန်ပွဲ တော်အတွက် ငွေကြေးကောက်ယူတာတွေ လတ်တလောမှာ မရှိသေးသလို ရေကစားမဏ္ဍပ်တွေလည်း ပြင်ဆင်ဆောက်လုပ်တာမျိုး မတွေ့ရသေးပါဘူး။

ကရင်ပြည်နယ် ဘားအံသင်္ကြန်ပွဲတော်မှာ ကမ်းနားလမ်းတစ်လျှောက်က ရေကစားမဏ္ဍပ်တွေနဲ့ စ တုဒိသာမဏ္ဍပ်တွေမှာ ရပ်ကွက်ကျေးရွာက ဒေသခံပြည်သူတွေ လာရောက်ရေကစား ပျော်ပါးနေကြပြီး မဟာသင်္ကြန်ပွဲတော်ကာလအပြီး နှစ်ဆန်းတစ်ရက်နေ့ကစကာ ဒေသတွင်းက ထင်ရှားတဲ့ ဘုရားလိုဏ်ဂူတွေမှာ ဘုရားပွဲတော်တွေ လက်ဝှေ့ပွဲတွေ နှစ်စဉ်ကျင်းပ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပပြုလုပ်သွားမယ်ဆိုပေမယ့် ကရင်ပြည်နယ်တစ်ဝန်းမှာတော့ စစ်ရေးတိုက်ပွဲတွေ ပြင်းထန်နေလျက်ရှိသလို ကျေးရွာတွေအပေါ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက် ခိုက်နေတဲ့အတွက် ဒေသခံလူထုတွေ အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.