မနီလာ၊ မတ် ၁၈

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးပြီး နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC သို့ အလျင်အမြန် လွှဲပြောင်းပို့ဆောင်ခဲ့တဲ့ အပေါ် တရားဝင် စုံစမ်းစစ်ဆေးမှု စတင်သွားမယ်လို့ ဖိလစ်ပိုင် လွှတ်တော်က မတ် ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

ICC က စွဲချက်တင်တဲ့ အသက် ၇၉ နှစ်အရွယ် ပထမဆုံး အာရှနိုင်ငံ့ခေါင်းဆောင်ဟောင်းဟာ လူထောင်ချီသေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ စုံစမ်းစစ်ဆေးမှုကို သမ္မတ မားကို့စ်ရဲ့ ညီမနဲ့ ဒူတာတေးရဲ့ အကြီးဆုံးသမီး ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ အခင်ဆုံးသူငယ်ချင်း ဖြစ်တဲ့ လွှတ်တော်အမတ် အီမီ မားကို့စ်က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ မားကို့စ်နဲ့ သမ္မတဟောင်း ဒူတာတေး မိသားစု နှစ်စုပေါင်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက်ပိုင်း သူတို့နှစ်စုကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒုသမ္မတ ဆာရာ ဒူတာတေးက သမ္မတကို လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ စွဲချက်တင်ခံခဲ့ရတာပါ။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌအနေနဲ့ သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရမှုကို အရေးတကြီး စုံစမ်း စစ်ဆေးရေး မိမိအနေနဲ့ တိုက်တွန်းကြောင်း လွှတ်တော်အမတ် အီမီ မားကို့စ်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးမှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်စေခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒူတာတေးဟာ မတ် ၁၁ ရက်မှာ ဟောင်ကောင်က အပြန် မနီလာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပြီး နာရီ အနည်းငယ်လောက် အကြာမှာ ICC သို့ လွှဲပြောင်း ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်က မတ် ၂၀ ရက်မှာ ကြားနာ စစ်ဆေးမှု တစ်ခု ပြုလုပ်ဖို့ စီစဉ်ထားပြီး ရဲအရာရှိ နှစ်ဦးနဲ့ အစိုးရ အရာရှိတွေ အထောက်အထား တင်ပြဖို့ ဖိတ်ခေါ်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.