နေပြည်တော် ၊ မတ် ၁၉
နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားတွေနဲ့ တရားစီရင်မှုယန္တရားတွေကနေ စစ်အုပ်စုကို အမြန်ဆုံးထိရောက်စွာ အရေးယူပေးဖို့ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကြိုးပမ်းလုပ် ဆောင်နေတဲ့ နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။
စစ်အုပ်စုရဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးသူ ငယ်တွေ အသက်ဆုံးရှုံးရတာနဲ့ ပတ်သက်ပြီး NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လာတာပါ။
စစ်အုပ်စုဟာ နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်ရုံသာမက ကလေးသူငယ်တွေကိုကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံတကာစံနှုန်းတွေ စာချုပ်တွေကို ပြင်းထန်စွာ ချိုးဖောက်နေတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်နေ့အထိ စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ အများပြည်သူဆိုင်ရာနေရာတွေကို တိုက်ခိုက်မှုနဲ့ ကလေးသူငယ်တွေအပေါ် ထိခိုက်သေကြေစေမှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေက တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့ NUG က ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လူထုကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ချီလာပေမယ့် နိုင်ငံတကာက အရေးယူပေးဖို့ NUG ရဲ့ တောင်းဆိုမှုတွေကလည်း ထူးခြားတဲ့ အ ပြောင်းအလဲတွေ ဖြစ်မလာဘူးလို့ သုံးသပ်ပါတယ်။
“ဒါပေမယ် အဲဒီအခြေအနေတွေကို ဘယ်လူ့အခွင့်အရေးကောင်စီကို ပြောလို့မှ ထူးမှာမဟုတ်ပါဘူး။ သုံးနှစ်ရှိပါပြီ အဲဒီလို(အရပ်သားတွေကို ဦးတည်တဲ့လေကြောင်းတိုက်ခိုက်မှု) လုပ်နေတာ။ ပြည်သူတွေလည်း ထောင်ချီသေခဲ့ပါပြီ။ ဒါပေမယ့် ဘာအရေးယူမှု ဘာတာဝန်ခံမှုမှ မရှိပါဘူး။ ဒါကြောင့်မို့ အဲဒီလို NUG က လုပ်နေတာတွေကလည်း သိပ်ပြီးတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်မလာဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။
မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ ရှမ်းမြောက်က နောင်ချိုမြို့ ရှိ စိန်ရတနာပရိယတ္တိ စာသင်တိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး၊ အသက် ၁၈ နှစ်အောက် ကိုရင် ၅ ပါး အပါအဝင် အရပ်သား ၃ ဦး စုစုပေါင်း ၁၀ ဦး အသက်ဆုံးရှံးခဲ့ရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမတိုင်ခင် မတ် ၁၄ ရက်နေ့ကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ လက်ပံ့လှကျေး ရွာက ဈေးနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် လေးလသား ကလေးသူငယ်တစ်ဦးအပါအဝင် ကလေးသူငယ်ပေါင်း ၆ ဦးနဲ့ အရပ်သား ၂၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီအပေါ် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ မဟာဗျူဟာတရပ်အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးနေတဲ့အပေါ် အမျိုးသားညီညတ်ရေးအစိုးရ NUG က အပြင်းအထန်ရှုံ့ချတယ်လို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေအပေါ်ကာကွယ်ပေးရမယ့်အ ချက်တွေကို ကျူးလွန်ဖောက်ဖျက်တဲ့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ က လေးသူငယ်တွေရဲ့ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နဲ့ ကာကွယ်မှု ရရှိပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေကို သတ်ဖြတ်နေမှုတွေကနေ ရပ်ဆိုင်းနိုင်ဖို့ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုထံ လောင်စာဆီနဲ့ ငွေကြေးပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းကာ လက်နက်ပစ္စည်းနဲ့ နည်းပညာအကူအညီတွေ လွှဲပြောင်းပေးခြင်းကိုလည်း ရပ်ဆိုင်းဖို့ NUG က ထပ်မံတောင်းဆိုတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
ဦးသန်းစိုးနိုင်ကတော့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတကာက အရေးယူဖို့လုံခြုံရေးကောင်စီက အဓိကဖြစ်ပြီး အဲဒီမှာပါဝင်နေတဲ့ တရုတ်နဲ့ ရုရှားကြောင့် အကောင်အထည်ဖော်လို့ မရနေတာလို့ ထောက်ပြပါတယ်။
“နိုင်ငံတကာအရေးယူမှုတွေကို အဓိကအကောင်ထည်ဖော်ရမှာ လုံခြုံရေးကောင်စီ။ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီးတော့ ဗီတိုအာဏာသုံးပြီး ဘယ်ဆုံးဖြတ် ချက်မဆို ပယ်ချနိုင်တဲ့အနေအထားအောက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဘယ်ဆုံးဖြတ်ချက်မှ အကောင်အထည်ဖော်လို့ မရပါဘူး။ ဒီလိုအခြေအနေမှာ အဲဒါတွေ တင်ပြတောင်းဆိုနေလည်း မထူးပါဘူး၊ အလကားပါပဲ။ ကျွန်တော်တော့ အဲဒီလိုပဲမြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
တရုတ်နဲ့ ရှရုားဟာ အင်အားကြီးနိုင်ငံတွေဖြစ်ကြသလို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိနေသလို လေယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းတွေကိုလည်း စစ်အုပ်စုထံ ရောင်းချပေးနေတာပါ။
တစ်ဘက်မှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အားပေးထောက်ခံနေသလို ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ကိုလည်း လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ့်အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေလည်း စေလွှတ်ဖို့ ရှိနေပြန်ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရဟာ မြန်မာ့အရေးမှာ နယ်စပ်တည်ငြိမ်ရေးအကြောင်းပြကာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲနိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI