ဂျေရုစလင်၊ မတ် ၁၈

ဂါဇာ ကမ်းမြောင်ဒေသမှာ ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပြီးတဲ့နောက် ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနက ပါလက်စတိုင်းသား ၁၃၀ ကျော် သေဆုံးတယ်လို့ ပြောထားပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ အကြမ်းဖက် ပစ်မှတ်တွေကို မိမိတို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးတပ် IDF က ပြောကြားထားပါတယ်။

တိုက်ခိုက်မှု တစ်ခုအတွင်း ဂါဇာရှိ လက်ထောက် ပြည်ထဲရေးဝန်ကြီး ဖြစ်ပြီး ဒေသတွင်း ဟားမာ့စ်အဖွဲ့ရဲ့ ရာထူး အမြင့်ဆုံး လုံခြုံရေးအရာရှိ ဖြစ်တဲ့ မာမွတ် အဘူ ဝါဖာ သေဆုံးကြောင်း သိရပါတယ်။

ဒါဟာ ဇန်နဝါရီ ၁၉ ရက်က အပစ်အခတ် ရပ်စဲရေး စတင်ပြီး နောက်ပိုင်း ဂါဇာကို အကြီးမားဆုံး လေကြောင်း တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သက်တမ်းတိုးရေး ဆွေးနွေးမှုတွေမှာ သဘောတူညီမှု မရယူနိုင်ခဲ့ပါဘူး။

ဂါဇာမှာ ဥပုသ်လအတွင်း လူအများ နံနက်စောစော စားသောက်နေချိန် လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အစ္စရေး တိုက်လေယာဉ် အစီး ၂၀ ကျော် လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ဂါဇာစီးတီး၊ ခန်ယောနစ်နဲ့ ရာဖာရှိ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်တို့က ဂါဇာကို တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ မတ် ၁၈ ရက် မနက်ပိုင်းက ညွှန်ကြားခဲ့တာ ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။

ဟားမာ့စ်က ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့သလို အမေရိကန်သမ္မတ ကိုယ်စားလှယ်နဲ့ ကြားဝင် ညှိနှိုင်းပေးနေသူတွေရဲ့ အဆိုပြုချက်တွေကို ပယ်ချခဲ့ပြီးနောက် အစ္စရေးက အခုလိုမျိုး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်က စတင်ပြီး အစ္စရေးအနေနဲ့ ဟားမာ့စ်အဖွဲ့ အင်အား ပြန်လည် မတည်ဆောက်နိုင်အောင် တားဆီးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဟားမာ့စ်အဖွဲ့က အခုဖြစ်ရပ်ကို စစ်ပွဲ ပြန်လည် စတင်မှု ဖြစ်တယ်လို့ မပြောထားဘဲ အမေရိကန်နဲ့ ကြားဝင်ညှိနှိုင်းသူတွေ ဖြေရှင်းပေးရေး တောင်းဆိုထားပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုမတိုင်ခင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစိုးရကို တိုင်ပင်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ယာယီ အပစ်အခတ်ရပ်စဲမှု ပထမအဆင့် မတ် ၁ ရက်မှာ သက်တမ်း ကုန်သွားပြီးနောက် ညှိနှိုင်းသူတွေအနေနဲ့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းတွေ ကြိုးစား ရှာဖွေနေကြတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.