မော်လမြိုင် ၊ မတ် ၁၈
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ပွတ်တိုက်မှုတွေ ရှိလာနိုင်တယ်လို့ မွန်ဒေသအခြေစိုက် တော် လှန်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်တဲ့ပြင်ဆင်မှုတွေ စီစဉ်နေပြီး မဖြစ်မနေပြုလုပ်သွားမှာဖြစ်တဲ့အတွက် အစိုးရနဲ့ ပြည်သူပူးပေါင်းဆောင်ရွက်သွားဖို့ မတ် ၁၆ ရက်နေ့က ကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားမှာ ပြောလာပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကလည်း နိုင်ငံအနှံ့ ဆက်ဖြစ်နေပြီး အချက်အလက်တွေအရ စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ နယ်မြေကလည်း သုံးပုံတစ်ပုံတောင် မပြည့်တော့တဲ့ အခြေအနေပါ။
ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဒေသလုံခြုံရေးအတွက် နှစ်ဖက်တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလို ရွေးကောက်ခံမယ့်သူတွေလည်း အပြစ်ပေးခံရနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
“ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ဒေသလုံခြုံရေး လိုအပ်တယ်။ ဒါကြောင့် စစ်ကောင်စီက အင် အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လာနိုင်တဲ့အပေါ် တော်လှန်ရေးအဖွဲ့အ စည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တိုက်ပွဲတွေပိုမိုပြင်းထန်လာဖို့ ရှိတယ်။ အဲဒါအပြင် တော်လှန်ရေးတွေဘက်ကလည်း ရွေးကောက်ပွဲ မဖြစ်နိုင်အောင်ဖြစ်တဲ့နည်းနဲ့ နှောင့်ယှက်ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေက ပြင်းထန်လာနိုင်တယ်။ အဲဒါအပြင်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ မဲဆန္ဒနယ်မြေမှာ မဲနိုင်ရေးအဖွဲ့တွေ ကူညီမယ့်အဖွဲ့တွေကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်လို့ဆိုပြီး တော်လှန်ရေးအဖွဲ့တွေရဲ့အပြစ်ပေးမှု ဒဏ်ခတ်မှုတွေလည်း ရှိလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်ဗျ”လို့ ဆိုပါတယ်။
အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီအစောပိုင်းမှာ ကျင်း ပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ် ခရီးစဉ်မှာ ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ပါတီက စာရင်းပေးသွင်းထားပြီး ရွေး ကောက်ပွဲကျင်းပမှုအပေါ် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက လေ့လာရေးအဖွဲ့တွေကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့ စစ်ခေါင်းဆောင်က ဖိတ်ကြားထားပါသေးတယ်။
နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ် ပြန် လည်ကျင်းပပေးပြီး အာဏာရပါတီကို နိုင်ငံ့တာဝန်တွေ လွှဲအပ်ပေးမယ်လို့ အမြဲတစေ ကြွေးကြော်နေတာပါ။
သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာဝန်ခံ ကိုအေးမင်းထွန်းက အာဏာသိမ်းပြီးမှ ထလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်သလို တစ်ဖက်သတ်သာဖြစ်တယ်လို့ ပြောပါတယ်။
“အခုက ၂၀၂၀ ရွေးကောက်ပွဲကို စစ်ကောင်စီအနေနဲ့ မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းပြီးတော့မှသူတို့ထပြီး လုပ်လာမယ့် ရွေးကောက်ပွဲကတော့ တရားဝင် ရွေးကောက်ပွဲမဟုတ်ဘူးလေ။ သူတို့ရဲ့တစ်ဖက်သတ်လုပ်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တဲ့အရာတွေကတော့ ကျွန်တော်တို့အနေနဲ့ ဘာတွေဖြစ်လာမလဲ မပြောနိုင်ဘူး” လို့ ဆိုပါတယ်။
လေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ဖိနှိပ်လို့ရနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မဆို ပြုလုပ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိလာနိုင်တယ်လို့ ထောက်ပြကြပါတယ်။
မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသမီးပါတီ (မွန်)တို့ ရှိနေပြီး စစ်တပ်ကျောထောက် နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် တစညပါတီနဲ့ ပြည်သူ့ပါတီစတဲ့ ပြည်မအခြေစိုက် နိုင်ငံရေးပါတီတချို့လည်း ပြည်နယ်အတွင်း စည်းရုံးဖို့ ရှိနေပါတယ်။
မြို့သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့ မွန်ပြည်နယ်မှာတော့ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က သုံးသပ်ထားတာပါ။
ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ရွေးကောက်ပွဲဟာ စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမှာဖြစ်လို့ ပါဝင်ကြမယ့်သူတွေကို ပြတ်ပြတ်သားသား အ ရေးယူသွားမယ်လို့ ပြောပါတယ်။
“ဒီအတုအယောင်ရွေးကောက်ပွဲက ပြည်သူတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ဖို့ မဟုတ်ဘဲ စကစနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေး ကောက်ပွဲဖြစ်တဲ့အတွက် စကစရဲ့ အသက်ရှူပေါက် အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေး ကောက်ပွဲမှာ ပါဝင်အားပေးပြီး ရွေးကောက်ခံခဲ့ရသည်ဖြစ်စေ မခံခဲ့ရသည်ဖြစ်စေ စကစရဲ့ ဒေါက်တိုင်အဖြစ် မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ပြီး ပြတ်ပြတ်သားသား အရေး ယူသွားမှာဖြစ်တဲ့အတွက် ပွတ်တိုက်မှုတွေ ရှိလာနိုင်ပါတယ်” လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ အကူအညီတွေမပေးကြဖို့ နိုင်ငံရေးအရရော သံတမန်နည်းအရပါ လုပ်ဆောင်သွားမယ်လို့ ကြေညာထားတာပါ။
လေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆက်လက်လုပ် ဆောင်သွားမှာဖြစ်သလို တော်လှန်ရေးအဖွဲ့တွေကလည်း ရတဲ့နည်းနဲ့ ဆက်လက်တော်လှန်သွားမယ့် အနေအထားလို့ သုံးသပ်ကြပါတယ်။
ဒါကြောင့် စစ်ရာဇဝတ်မှုများစွာကျူးလွန်နေတဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဒီမိုကရေစီနိုင်ငံတွေက အသိအမှတ်ပြုမှာမဟုတ်တဲ့အတွက် တော်လှန်ရေးအပေါ် ကြီးကြီးမားမား ထိခိုက်လာနိုင်မှာ မဟုတ်ဘူးလို့ တော်လှန်ရေးအဖွဲ့တွေက မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ