ရေး၊ မတ် ၁၈
မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာအနီးက ရှေ့တန်းစခန်းတစ်ခု ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF တာဝန်ရှိသူတွေက သံလွင် တိုင်းမ်ကို အတည်ပြုပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ YGF ရဲ့ ရှေ့တန်းစခန်းကို ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ကင်းထောက်ပြီးနောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် YGF တပ်ဖွဲ့က ရဲဘော်ရဲဇာနည်အောင်၊ ရဲဘော်လင်းလင်းတို့ ကျဆုံးခဲ့ပြီး ကားတစ်စီးထိမှန်ပျက်စီးခဲ့ပါတယ်။
ရှေ့တန်းစခန်း တိုက်ခိုက်ခံရပြီးနောက် ရေးပြောက်ကျားတပ်ဖွဲ့ဝင်တွေ ချက်ချင်းဆိုသလို ပြန်လည်ဆုတ်ခွာခဲ့ပြီး ရဲဘော်နှစ်ဦးရဲ့ နာရေးကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ရေးဒေသမှာအခြေစိုက်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ YGF ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်း ၂ ရဲ့ လက်အောက်ခံ တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် မေ ၁၉ ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာပါ။
ရေးပြောက်ကျားတပ်ဖွဲ့ YGF ဟာ လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး မွန် ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-YGF