ဘေဂျင်း၊ မတ် ၁၇
ဥရောပသမဂ္ဂ (အီးယူ) – တရုတ် သံတမန်ရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ညီလာခံ တက်ရောက်ရေး ဘရပ်ဆဲလ်မြို့သို့ ဖိတ်ကြားမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းဆိုထားတယ်လို့ Financial Times သတင်းဌာနက မတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။
ဥရောပကောင်စီနဲ့ ကော်မရှင် ဥက္ကဋ္ဌတို့ကို သမ္မတ ရှီကျင့်ဖျင် အစား ဝန်ကြီးချုပ် လီကီကျန်းက တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ဘေဂျင်းက ပြောကြားထားကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နှစ်ခုကို ကိုးကားပြီး Financial Times က ရေးပါတယ်။

အဲဒီလို ညီလာခံမျိုးကို ဘေဂျင်းမှာ ကျင်းပရင် သမ္မတက လက်ခံ ကျင်းပရပြီး ဘရပ်ဆဲလ်မှာ ကျင်းပရင် အမြဲလိုလို တရုတ်ဝန်ကြီးချုပ်ပဲ တက်ရောက်လေ့ ရှိပေမယ့် အခုကျင်းပမယ့် နှစ် ၅၀ ပြည့် သံတမန်ရေး တည်ထောင်မှု အခမ်းအနားသို့ ရှီကျင့်ဖျင် တက်ရောက်ဖို့ အီးယူက ဆန္ဒရှိနေတယ်လို့ အဲဒီ သတင်းဌာနက ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ဘေဂျင်းနဲ့ဘရပ်ဆဲလ်ကြား ဆက်ဆံရေး တင်းမာနေပြီး တရုတ်က ရုရှားကို ကူညီ ထောက်ခံနေတယ်လို့ အီးယူက စွပ်စွဲထားကြောင်း Financial Times က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်က တင်သွင်းတဲ့ လျှပ်စစ်ကားတွေအပေါ် အီးယူက အခွန်တွေ ပြဌာန်းခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အီးယူကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ချက်ချင်း တုံ့ပြန်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အခုနှစ် အီးယူ-တရုတ် ညီလာခံ ကျင်းပမယ့်ရက်နဲ့ ဘယ်သူတွေ တက်ရောက်မယ်ဆိုတာ အလွတ်သဘော ဆွေးနွေးနေဆဲပဲလို့ အီးယူ အရာရှိ တစ်ဦးက ပြောပါတယ်။
အဲဒီ ညီလာခံနဲ့ ပတ်သက်လို့ ပေးစရာ သတင်းအချက်အလက် မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာချိန်မှာ တရုတ်က အီးယူနဲ့ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း ပြောထားပေမယ့် လက်တွေ့မှာတော့ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
အီးယူက တရုတ် လျှပ်စစ်ကားတွေအပေါ် အခွန် ကောက်ယူလိုက်တာကြောင့် ဘေဂျင်းက ကန့်ကွက်ခဲ့ပြီး အီးယူ ထုတ်ကုန် တချို့ အပေါ် အခွန် ပြဌာန်းထားပါတယ်။
Ref:Reuters