နောင်ချို၊ မတ် ၁၇

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သံဃာတော်နဲ့အရပ်သား ၉ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီတပ်ဟာ တိုက်မရှိဘဲ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးလေးလုံး ချကြဲပြီးနောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စာသင်တိုက်အတွင်းရှိ ရဟန်း ၂ ပါး၊ ကိုရင် ၄ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ၊ စုစုပေါင်း ၉ ဦး ဗုံးစထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သံဃာတော် ၁၃ ပါးနဲ့ ပြည်သူလူထု ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အပါအဝင် ဘုန်းကြီးကျောင်းအဆောင် အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့က စိန်ရတနာ စာသင်တိုက် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.