မော်လမြိုင်၊ မတ် ၁၇
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုပေါင်း ၆၀၄ မှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူထားတဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေအရ လွတ်လပ်စွာသွားလာခွင့်၊ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးတာ၊ ဖိအားပေး ရွှေ့ပြောင်းစေတာ၊ တရားလက်လွတ်ဖမ်းဆီးတာနဲ့ အတင်းအဓမ္မစေခိုင်းတာတွေဟာ အကြိမ်ရေ ဆယ်နဲ့ချီ လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် တရားလက်လွတ် သတ်ဖြတ်ခံရတာ၊ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆီးခံရတာနဲ့ တခြားချိုးဖောက်မှုတွေကလည်း အကြိမ်ရေ ၁၀၀ ကျော်အထိ စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။
တခြားချိုးဖောက်မှုမှာ စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေကို လက်နက်ကြီး လေကြောင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ အမျိုးအစားဖြစ်ပြီး ၁၃၇ မှုအထိ ရှိခဲ့တဲ့အတွက် အများဆုံး ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် မျှတတဲ့ တရားစီရင်ခွင့် ဆုံးရှုံးတာ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ကလေးစစ်သားအဖြစ် တွန်းပို့တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဆေးဘက်ဆိုင်ရာစင်တာတွေ တိုက်ခိုက်တာ စတာတွေလည်း အကြိမ်ရေ ခုဂဏန်းထိ ပါဝင်ပါတယ်။
NUG ရဲ့ မှတ်တမ်းအရ စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၄ မှုအထိ ရှိခဲ့တာပါ။ အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၆၈ ကြိမ်ရှိခဲ့ပြီး အများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ တစ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူပိုင်နေအိမ် ၂၁၉ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၂၇ လုံးနဲ့ ကျန်းမာရေးအဆောက်အဦ ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရတာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၆၈ ဦး ရှိခဲ့ပါတယ်။
တစ်ဘက်မှာ ကချင်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးဒေသတွေအတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၁၀ ခုရှိပြီး သေဆုံးသူ ၇၀ ဦးရှိခဲ့တယ်လို့ မှတ်တမ်းက ဖော်ပြပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲပြီး စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ