မော်စကို၊ မတ် ၁၇

ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးမှာမဆို ယူကရိန်းအနေနဲ့ ကြားနေနိုင်ငံ ဖြစ်ရမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင် ဖြစ်မလာစေရေး အာမခံချက် ရရှိအောင် မိမိတို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သံကွန်ချာ လုံခြုံရေး အာမခံချက်တွေ မိမိတို့ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရု့ချ်ကိုက ရုရှား သတင်းဌာန Izvestia သို့ ပြောကြားထားပါတယ်။

သုံးနှစ်ကြာ ယူကရိန်း စစ်ပွဲအတွက် ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မတ် ၁၁ ရက်မှာ ဆွေးနွေးခဲ့ကြောင်း ပြောကြားပြီးနောက် အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မတ် ၁၆ ရက် ညနေပိုင်းက Air Force One လေယာဉ်ပေါ် ပြောကြားရာမှာ သမ္မတ ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အလုပ်တော်တော်များများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ပွဲ အဆုံးသတ်ရေး မိမိတို့ လုပ်ဆောင်နိုင်မလားဆိုတာကို သိချင်တယ်လို့ ပြောကြား ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ပိုင်ဆိုင်မှု တချို့ ခွဲဝေရေး ဆွေးနွေးပြီး ဖြစ်တယ်လို့လည်း ထရန့်က ဖြည့်စွက် ပြောကြားထားတာပါ။
ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး ရုရှားကို အဆိုပြုဖို့ အမေရိကန်နဲ့ ယူကရိန်းတို့ သဘောတူညီထားပါတယ်။

သမ္မတ ပူတင်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ထောက်ခံပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရေးအတွက် ခက်ခဲတဲ့ သတ်မှတ်ချက်တွေကို တောင်းဆိုထားပါတယ်။

ထရန့် ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လ မပြည့်ခင်မှာ ပူတင်နဲ့ မိနစ် ၉၀ ကြာ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပြီး စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ ချက်ချင်း လုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။

စစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်း အနေနဲ့ နေတိုး အဖွဲ့ဝင် အဖြစ် လုံးဝ လျှောက်ထားခွင့် မရှိဘူးလို့ ရုရှားက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.