မော်လမြိုင် ၊ မတ် ၁၆
မွန်၊ကရင်နဲ့ တနင်္သာရီတို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ SBHN က အစီရင်ခံစာထုတ်ပြန်ပါတယ်။
အစီရင်ခံစာအရ အဲဒီဒေသတွေမှာ မြေပြင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ထိခိုက်မှုရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေလည်း များစွာရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာအပါအဝင် ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် နေအိမ် ၂၆ လုံးထက်မနည်း ပျက်စီးခဲ့ရသလို အရပ် သား ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အခြားတစ်ဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအ ပြင် Drone နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုများစွာ ရှိခဲ့တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျခတ္တပင်အင်းကျေးရွာအတွင်း အမြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်ရာ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်အစအနထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ထိုးစစ်ဆင်ရာ လမ်းကြောင်းတစ်လျှောက်မှာ အရပ်သားတွေရဲ့ ပိုင် ဆိုင်မှုတွေကိုခိုးတာ လုတာ ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို နေရာတိုင်းလိုလို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရေဖြူမြို့နယ် ဇာဒီချောင်းအနီးရှိ အရပ်သားငါးဖမ်းလှေသုံးစင်းကို ရေဖြူမြို့အနီး ကျောက်ချထားတဲ့ စစ်ကောင်စီရေတပ်က သိမ်းယူခဲ့ပြီး လှေပေါ်ရှိ အရပ်သား အယောက် ၂၀ ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒီအခြေအနေမှာ တောင်ပိုင်းက ပဋိပက္ခဖြစ်ပွားရာဒေသရှိ ရွာသားအချို့ဟာ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အများစုဟာ စားနပ်ရိက္ခာ၊အမိုး အကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတာပါ။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရအေဂျင်စီတွေဟာ IDP တွေရဲ့ လူသားချင်းစာနာမှုထောက်ထားချက်တွေအပေါ် လျင်မြန်စွာ တုံ့ပြန်ဖို့ သင့် လျော်တဲ့ စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်ရှိဖို့ လိုအပ်တယ်လို့ SBHN က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ