မော်လမြိုင် ၊ မတ် ၁၆

မွန်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့်ကာလအတွင်း လျှပ်စစ်မီးမပြတ်တောက်အောင်လုပ်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလာပါတယ်။

မတ်လ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်း အ စည်းအဝေးမှာ ဦးအောင်ကြည်သိန်းက သူရဲ့ လက်အောက်ခံဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ပြော ဆိုခဲ့တာပါ။

ဒါ့အပြင် စာမေးပွဲ ဖြေဆိုမယ့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူတွေ သက်ဆိုင်ရာ စာဖြေဌာနကို သွားလာမှု အဆင်ပြေစေရေးအတွက် ယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲဖို့၊ ယာဉ်ရှုပ်တဲ့နေရာတွေမှာ ယာဉ်ထိန်းရဲတွေ တာဝန်ချထားဖို့နဲ့ စာမေးပွဲဆိုင်ရာလုပ်ငန်းတွေ လုံခြုံမှုရှိအောင် လုပ်ဖို့ ပြောဆိုခဲ့တာပါ။

မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က လျှပ်စစ်မီးမှန်အောင် လုပ်ဖို့ ပြောဆိုနေပေမယ့် လက်တွေ့မှာ မီးမမှန်တဲ့အတွက် ကျောင်းသားတွေ စာကျက်လို့မရတဲ့အခြေအ နေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“လက်တွေ့မှာက သူပြောတာနဲ့ တခြားစီပဲ။ လက်တွေ့မှာ ကျောင်းသားတွေစာကျက်ဖို့ဆိုရင် မီးလည်း မရှိဘူး။ မီးလည်း မလုံလောက်ဘူး။ မီးမပေးဘူး။ စာကျက်ရမယ့် ကလေးတွေ မီးဘယ်လိုလုပ်ရမလဲ။ သူပြောတဲ့ဟာတွေက ရှင်းရှင်းပြောရင် တစ်ခုမှ လက်တွေ့ ကြတာမရှိဘူး။ သူက ဘယ် လိုပြောမလဲ သင်္ကြန်အမြောက်လိုပဲ။ ပါးစပ်ကအပြောပဲရှိတာ ဘာတစ်ခုမှ သူပြောတဲ့အတိုင်း တစ်ခုမှ မဖြစ်လာဘူး” လို့ ဆိုပါတယ်။

ဒေသတွင်းမှာ လျှပ်စစ်မီး မမှန်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ အားသွင်းမီးလုံးတွေ၊ စာကြည့်မီးအိမ်တွေနဲ့ ဖယောင်းတိုင်တွေကိုသာ အဓိကအားထားပြီး စာကျက်နေရတာပါ။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က စာမေးပွဲကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်အောင်လုပ်ဖို့ ပြောပေမယ့် ဒေသတွင်းမှာတော့ လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့သာ ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး မွန်ပြည်နယ်မှာတော့ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ ၉၃၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.