ကျိုက်ထို၊ မတ် ၁၆

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လဆန်းကစပြီး ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ဒရုန်းနဲ့ ကင်းထောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ ပိုမိုတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရှိ ကညင်အိုင်၊ ဝါးဒက်ကွင်းနဲ့မုက္ခမော့ကျေးရွာတို့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် PDF ရဲဘော် နှစ်ဦးနဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံသား နည်းပညာရှင်တွေက အဓိကဦးဆောင်တာဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ သတင်းပို့ပေးချက်အရ သိရတယ်လို့ ဆိုပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ မတ်လဆန်းပိုင်းမှာ တရုတ်နိုင်ငံသား နည်းပညာ ရှင် လေးဦးဟာ ကျိုက်ထိုအခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်း၊ အမှတ် ၃၁၀ အမြောက်တပ်တို့ကို ရောက်ရှိလာခဲ့တာပါ။

တရုတ်နိုင်ငံသား နည်းပညာရှင်တွေဟာ ကျိုက်ထိုအခြေစိုက်တပ်ရင်းတွေမှာ ဒရုန်းမောင်းနှင်နည်း သင်တန်းပေးတာ၊ ဗုံးချိတ်သယ်ဆောင်နည်း၊ ပစ်မှတ်ရှာဖွေတိုက်ခိုက်မှု နည်းလမ်းတွေကို သင်တန်း ပေးတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေမှာ လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမစတဲ့ လက်နက်ကြီးဗုံးသီးတွေ သယ်ဆောင်နိုင်တဲ့ ဒရုန်း ၁၀ စီးထက်မနည်း ပို့ဆောင်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ် အသုံးပြုနေတဲ့ ဒရုန်းတွေထဲမှာ တရုတ်နိုင်ငံထုတ် ဒရုန်းအများဆုံးပါဝင်ပြီး ဒရုန်းအမျိုးအစားအနေနဲ့ Fixed Wings ၊ Kamikaze Drone ၊ CH -2 ၊ CH-4 အပြင် CZ 55 UAV ဒရုန်းတွေလည်း ပါဝင်လာတာပါ။

CDM တပ်အသိုင်းအဝိုင်းကတော့ မြေပြင်စစ်ဆင်ရေးတွေမှာ တိုက်ခိုက်ရေးအင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင်ရေးတွေကို အရှိန်မြှင့်လာနိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.