ဝါရှင်တန်၊ မတ် ၁၅

သမ္မတ ဖြစ်မလာခင်ကတည်းက ယူကရိန်း-ရုရှား စစ်ပွဲကို ၂၄ နာရီ အတွင်း အဆုံးသတ်ပစ်မယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ချိန်က နည်းနည်းလေး ရွဲ့ပြီးပြောဆိုခဲ့တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒုတိယ သမ္မတသက်တမ်း ၅၄ ရက်ကြာလာတဲ့ အချိန်အထိ ထရန့်ဟာ ရုရှားနဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပြီး ရုရှားနဲ့ ဆွေးနွေးမှုဟာ အပြု သဘောဆောင်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားနဲ့ ဆွေးနွေးမှုတွေအပေါ် ထရန့်က အကောင်းမြင်နေပေမယ့် အပစ်ရပ် သဘောတူညီမှု ရရှိဖို့က အဝေးကြီး လိုသေးတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

သူ့အနေနဲ့ စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်ပစ်မယ်လို့ ပြောခဲ့ချိန်က ရွဲ့ပြီး ပြောဆိုခဲ့တာ ဖြစ်ပြီး စစ်ပွဲ အဆုံးသတ်ရေး အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ဆိုလိုခဲ့တာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

၂၀၂၃ ခုနှစ် မေလမှာ ထရန့်က ရုရှားနိုင်ငံသားတွေရော ယူကရိန်း နိုင်ငံသားတွေရော သေဆုံးနေရပြီး မိမိအနေနဲ့ လူသေဆုံးမှုတွေကို အဆုံးသတ်ပစ်ချင်တယ်လို့ ပြောဆိုခဲ့တာပါ။

တစ်ဆက်တည်းမှာပဲ အဲဒီလို ၂၄ နာရီအတွင်း ပြီးစီးအောင် လုပ်ဆောင်မယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြုလုပ်ခဲ့တဲ့ အဲဒီအချိန်က အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ စကားစစ်ထိုးပွဲမှာ ထရန့်က မိမိ သမ္မတ ဖြစ်မလာခင် ယူကရိန်း စစ်ပွဲကိစ္စကို ဖြေရှင်းသွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မဲဆွယ်ကာလမှာလည်း ထရန့်က အဲဒီလိုပဲ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန် အဆိုပြုထားတဲ့ အပစ်ရပ်ရေး သဘောတူညီမှုကို ယူကရိန်းက လက်ခံထားပြီး ဖြစ်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မော်စကိုမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

သမ္မတ ပူတင်အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က သူစတင်ခဲ့တဲ့ စစ်ပွဲကို အပစ်ရပ်ဖို့ သဘောမတူဘူးဆိုရင် ဘယ်လို လုပ်ဖို့ စီစဉ်ထားသလဲဆိုတဲ့ မေးခွန်းကိုတော့ သူက လူတွေ အများကြီး သေနေတာကြောင့် ကမ္ဘာအတွက် အရမ်းဆိုးတဲ့ သတင်းဖြစ်ပြီး ထရန့်အနေနဲ့သဘောတူမယ်လို့ ထင်တဲ့အကြောင်း ပြန်လည် ဖြေကြားသွားပါတယ်။

မိမိအနေနဲ့ ပူတင်ရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပြီး သူသဘောတူလိမ့်မယ်လို့ ထင်ကြောင်း ထရန့်က ပြောဆိုထားပါတယ်။

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.