မော်လမြိုင်၊ မတ် ၁၅

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရေးပေါ်အကူအညီ လိုအပ်မှု မြင့်တက်နေချိန် လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းသွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရန်ပုံငွေပြတ်တောက်မှုကြောင့် အကူအညီတွေ ရပ်တန့်ရတာဖြစ်ပြီး ရန်ပုံငွေအသစ် မရရှိတော့ရင် ငါးနှစ်အောက် ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်းစွမ်းသူတွေအပါအဝင် ထိခိုက်လွယ်အုပ်စုတွေက လူဦးရေသုံးသောင်းခွဲကိုသာ ကူညီပေးသွားမယ်လို့ WFP က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုနဲ့ နယ်မြေမတည်ငြိမ်တွေကို ဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် WFP ရဲ့ အထောက်အပံ့ကို အားထားနေရတဲ ရိုဟင်ဂျာ လူနည်းစုအပါအဝင် ရခိုင်ပြည်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းကျော်ကိုလည်း ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူတွေကို စားနပ်ရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးပေါ်လိုအပ်နေတယ်လို့ WFP က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းရှိ လူပေါင်း ၅၁ ကျော်ဟာ နေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အပြင် လူပေါင်း ၁၅ သန်းကျော်ဟာ အရေးပေါ် ငတ်မွတ်မှုအဆင့်နဲ့ ရင်ဆိုင်နေတယ်လို့ WFP က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – UN Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.