မော်လမြိုင်၊ မတ် ၁၄
မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၁၉ ဒသမ ၉ သန်းကျော်ဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးလာတာနဲ့အမျှ လက်တုံ့ပြန်တဲ့အနေနဲ့ အကူအညီတွေ ပိတ်ဆို့တာ၊ လူသားချင်းစာနာမှု လမ်းကြောင်းတွေ ကန့်သတ်တာနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေကို ပစ်မှတ်ထားနေတာကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းကို တိုးလာစေတယ်လို့ ကုလသမဂ္ဂပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရှိ မြို့နယ်တွေရဲ့ ၉၆ ရာခိုင်နှုန်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စီးပွားရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ ဆန်၊ ပဲ၊ ဆီနဲ့ဆား အပါအဝင် အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
မကြာသေးမီက အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေ ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ အကျပ်အတည်းကိုသာမက မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်းနီးချင်းနိုင်ငံတွေကို ပိုမိုဆိုးဝါးလာစေဖို့ ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ကြုံတွေ့နေရပြီး ကလေးငယ်တွေဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်း မြင့်မားနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ အကြမ်းဖက်မှုမှ ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ပေးဖို့ အရှေ့တောင်အာရှ နိုင်ငံတွေအသင်းနဲ့ ကမ္ဘာ့အသိုင်းအဝန်းကို ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU