မကွေး မတ် ၁၄
မကွေးတိုင်း မင်းဘူး မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားနေတယ်လို့ ဝါဒဖြန့်ဖို့ စစ်ကောင်စီ လက်အောက်ခံတွေကို အသုံးပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၁၃ ရက်မှာ ကျရောက်တဲ့ တပေါင်းလပြည့်နေ့အတွက် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေနဲ့ KTV က အမျိုးသမီးတွေကို ရွှေစက်တော်ဘုရားဖူးခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ဗွီဒီယို တင်ထားတာ တွေ့လိုက်တယ်။ ဝန်ထမ်းတွေကိုတော့ သူတို့ စီစဉ်ပေးတာ ဖြစ်မှာပေါ့၊ KTV တွေက မျက်နှာလိုချင်ကြတာ ဒါမှမဟုတ် အတင်းအကြပ် ပြောပြီး ခေါ်တာတွေဖြစ်မယ်” လို့ ဒေသခံစျေးသည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပေါင်းလပြည့်နေ့ တစ်ရက်တည်းသာ စစ်ကောင်စီ ဝန်ထမ်းတွေနဲ့ ဓာတ်ပုံ ၊ ဗွီဒီယိုရိုက်ကူးတာ ဖြစ်ပြီး တခြားရက်များတွင် ဘုရားဖူးလာသူမရှိကြောင်း အဲဒီ ဒေသခံဈေးသည်က ပြောပါတယ်။
စစ်ကောင်စီက မန်း ရွှေစက်တော်ဘုရားဖွင့်နိုင်ဖို့ စျေးသည်နဲ့ ကန်ထရိုက်တွေကို ဖိအားပေးခိုင်းစေခဲ့ပြီး အတင်းအကြပ် ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
ဘုရားဖူးလာရောက်သူတွေနဲ့ စျေးသည်တချို့ကို စစ်မှုထမ်းအတွက် ဘုရားရွာက စစ်ကောင်စီသတင်းပေးတစ်ဦးက ငွေကြေးခြိမ်းခြောက်ကောက်ခံတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ ဖေဖော်ဝါရီ ၂ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ၇၅ ရက်ကြာ ကျင်းပနေတဲ့ ဘုရားပွဲတော်ဟာ အနယ်နယ်အရပ်ရပ်က လာရောက်တဲ့ ဘုရားဖူးတွေနဲ့ စည်ကားခဲ့တယ်လို့ ဖော်ပြထားတာပါ။
မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးသွားရောက်ဖို့ မင်းဘူးကနေ ပဒါန်းသို့သွားတဲ့ လမ်းကြောင်းသာ အသုံးပြုနိုင်ပြီး ကျန်လမ်းပိုင်းတွေကို ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI