တောင်သာ၊ မတ် ၁၄
မန္တလေးတိုင်းမှာ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ် ၁၃ ရက်နေ့အထိ မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၁၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၄ နှစ်အောက် ယောကျာ်းလေးတစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ဦး ပါဝင်ပြီး သေဆုံးသူ ၁၉ မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ မန္တလေးတိုင်း တောင်သူမြို့နယ် အေးကျင်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မနန်းဆုဝေ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၄၀၁ ဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY PDF