မဲဆောက် မတ် ၁၄
ထိုင်းနိုင်ငံ တက်ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ မြန်မာဘက်အခြမ်း လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ပူတူလူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ Maesot Media က ဖော်ပြပါတယ်။

အဲဒီလို စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်း၊ အမြှောက်၊ စက်သေနတ်၊ စနိုက်ပါ သေနတ်တို့ဖြင့် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က စခန်းမကျစေဖို့ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ KNLA တပ်မ ၇ က စစ်ကောင်စီရဲ့ အမှတ် ၃၁ ခြေမြန်တပ်ရင်းလက်အောက်ခံ ပူတူလူစခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့ပြီး တချို့မှာ ထိုင်းဘက်အခြမ်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုဝင်ရောက်လာတဲ့ မြန်မာစစ်သားတွေကို နရဲစွမ်တပ်ဖွဲ့က လက်ခံထားပြီး လူသားချင်းစာနာရေး စည်းမျဉ်းအတိုင်း ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ထားတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားရာ ဒေသနဲ့ အနီးတဝိုက်မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှု အသက်အိုးအိမ်မထိခိုက်စေဖို့ နရဲစွမ်တပ်ဖွဲ့က အနီးကပ် စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။

အခုအချိန်အထိတော့ တိုက်ပွဲတွေကြောင့် ထိုင်းရွာသားတွေနဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်တာမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်အခြမ်းက အဲဒီဒေသတဝိုက် ထိန်းချုပ်ထားပြီး နယ်စပ်မျဉ်းတလျှောက်ကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် နေတယ်လို့ သတင်းဖော်ပြထားပါတယ်။
Ref:MaesotMedia