နေပြည်တော် ၊ မတ် ၁၄
အာဏာသိမ်းမှုကြောင့် အဘက်ဘက်ကကျဆင်းနေတဲ့ လယ်ယာကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအ တာအရ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြွေး ကြော်လိုက်ပါတယ်။
မတ် ၁၂ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စု ပင်လောင်းလမ်းစုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း စီမံကိန်းအားသွားရောက်ကြည့်ရှုစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်က စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းဟာ အရင်းအနှီးကြီးမားတဲ့ လုပ်ငန်းရပ်တစ်ခု ဖြစ်ပေမယ့် အကျိုးအမြတ်များတဲ့အပြင် တစ်ဦးချင်းစီနဲ့ နိုင်ငံတော်အတွက်ပါ အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်မှု လယ်ယာ စနစ်ကျ လယ်မြေ ဖော်ထုတ်ခြင်းကို လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင် ဆောင်ရွက်ဖို့နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တောင်သူ တစ်ဦးကတော့ စက်မှုလယ်ယာ စနစ်ကျင့်သုံးဖို့အတွက်ဆိုရင် စက်ပစ္စည်းတွေအပြင် စက်သုံးဆီတွေကလည်း မတရား ဈေးကြီးနေတာကြောင့် တွက်ခြေမကိုက်သလို စက်ပစ္စည်း ဈေး နှုန်း အဆမတန်မြင့်နေချိန်မှာ စက်မှုလယ်ယာစနစ်သွားဖို့ ပြောဆိုတာဟာ ရယ်စရာဟာသတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ကျွန်တော်တို့ဆီမှာ စက်မှုလယ်ယာဖော်ဖို့ကို ဘာမှလည်းမရှိဘူး။ နောက်ပြီး စက်တွေက သူများနိုင်ငံမှာမသုံးတော့လို့ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို ရောင်းရရေး စက်မှုလယ်ယာလို့ အော်နေတာလို့ပဲ ကျွန်တော်ထင်တယ်။ နောက်ပြီး စက်တွေ ရောက်လာပြန်ရင်လည်း အဲဒီစက်တွေသုံးဖို့ ဆီကလည်း မတရား၊ ဘယ်လိုမှ တွက်ခြေမကိုက်၊ စက်ရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ ပြင်မယ်ဆိုပြန်တော့လည်း စက်ပစ္စည်းအပိုပစ္စည်းတွေက မိုးထိကိုခေါင်နေတာ။ ကျွန်တော်တို့ ဘာမှမမျှော် လင့်ဘူး၊ ဒီလူတွေ ဒီလူကြီးတွေ ပြောစကားကို ရယ်စရာဟာသတစ်ခုလောက်ပဲ ကျွန်တော်တို့ သတ်မှတ်ထားတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က စက်မှုလယ်ယာစနစ်သွားဖို့ ပြောနေပေမယ့် စက်ယန္တရားလည်ပတ်ဖို့အတွက်တောင် စက်သုံးဆီ မကြာခဏဆိုသလို ပြတ်လပ်မှုရှိတဲ့အပြင် အောက်ခြေက တောင်သူတွေရဲ့ မြေပြင်အခြေအနေကို မသိဘဲပြောဆိုတာဟာ လက်တွေ့ မကျဘူးလို့ သူက ဆက်ပြောပါတယ်။
တောင်သူတစ်ဦးကလည်း စက်မှုလယ်ယာစနစ်ကိုသွားဖို့ တောင်သူတွေအနေနဲ့ စပါးဈေးကောင်း မရတာကြောင့် စက်တွေတောင် မဝယ်နိုင်သလို စက်မှုလယ်ယာစနစ် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် အဆင့်တွေအများကြီး လိုအပ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာက စက်မှုလယ်ယာစနစ်က အောင်မြင်ဖို့ဆိုတာကတော့ အဆင့်ဆင့်တွေ အများကြီး လိုတာပေါ့နော်။ အများကြီးလိုတယ်ဆိုတာက တောင်သူတွေက ဒီလိုစပါးဈေးတွေနဲ့ လယ်ယာတွေကို ထွန်ယက်ဖို့တွေ ရိတ်ခြွေဖို့တွေက စက်တွေလည်း မဝယ်နိုင်တာတွေရယ်။ နောက်ပြီးတော့ စက်မှုလယ်ယာစနစ်နဲ့ သွားဖို့ဆိုတာက အဆင့်တွေက အများကြီးပြောရမယ် ဆိုရင်တော့ ကျွန် တော်တို့ မြေတွေက စနစ်ကျလယ်ယာမြေတွေ အဆင့်မြင့်လယ်ယာမြေတွေ လယ်ယာမှာ ကုန်ထုတ်လမ်းတွေ အဲဒီလိုရှိဖို့ လိုအပ်တာပေါ့” လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေအရ စက်မှုလယ်ယာစနစ်ကို သွားဖို့အတွက် ကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတာ၊ နိုင်ငံရေး အခြေအနေကြောင့် အရင်လို စိုက်ပျိုးလို့မရတာအပြင် စက်ယန္တရား အသုံးပြုနိုင်တဲ့ ကျွမ်းကျင်လုပ်သား ရှားပါးလာတာကြောင့်လည်း စက်မှုလယ်ယာစနစ်က အဆင်ပြေမှာ မ ဟုတ်ဘူးလို့ တောင်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီက စက်မှုလယ်ယာစနစ်ကိုသွားဖို့ ပြောဆိုနေပေမယ့် တောင်သူအားလုံး နီးပါးဟာ စစ် တပ်အာဏာသိမ်းပြီးနောက် သွင်းအားစု အဆမတန်မြင့်တက်တာ၊ အထွေထွေကုန်ကျစရိတ် မြင့်တက်တာအပြင် လုပ်သားရှားပါးမှုဒဏ်တွေကိုပါ ခံနေရပါတယ်။
မြန်မာနိုင်ငံဟာ စပါးစိုက်ပျိုးဧကအနေနဲ့ ဧကပေါင်း ၁၅ သန်းဝန်းကျင်ရှိပြီး နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းနီးပါး ထွက်ရှိနေတယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI