ဘုတ်ပြင်း၊ မတ် ၁၃

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ယုဇနဆီအုန်းကုမ္မဏီပိုင် ဧက ၃၀၀လုပ်ကွက်အနီး ဆီအုန်းခြံအ တွင်းမှာ ဆီအုန်းခြံလုပ်သား အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက် ပြတ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မတ် ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ဆီအုန်းခြံလုပ်သား အသက် ၅၂ နှစ်အရွယ် အမျိုး သမီးကြီးဟာ ဆီအုန်းခြံအတွင်း ပေါင်းမြက်ရှင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အဲဒီအမျိုးသမီးကြီးဟာ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားပြီး လက်ရှိမှာတော့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ အမျိုးသမီးကြီး မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ဆီအုန်းခြံနေရာမှာ စစ်ကောင်စီတပ်က လာရောက်ကင်းပုန်းဝပ်တာတွေ ရှိပြီး ဒီမိုင်းဟာ စစ် တပ်ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့ ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆီအုန်းခြံတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို ကင်း ပုန်းဝပ်လေ့ရှိပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကို ချောင်းမြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနဲ့ တိုက်ပွဲလက်ကျန် စစ်လက်နက် ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံးမှုတွေနဲ့ ကြုံနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.