ဘီးလင်း ၊ မတ် ၁၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံလူငယ် ၂၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အ များစုဟာ မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ မြို့ပေါ် ရပ်ကွက်ထက် ကျေးရွာတွေက လူငယ်တွေအများဆုံး ဖြစ်ပြီး လမ်းပေါ်သွားလာရင်း ဖမ်းဆီးခံရတာရှိသလို တချို့ တွေကိုတော့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ် ရှိတဲ့ လူငယ်တွေဖြစ်ပြီး အဲ ဒီထဲမှာ အမျိုးသမီးသုံးဦးလည်း ပါဝင်ပါတယ်။
ဒေသခံတွေရဲ့ သုံးသပ်ချက်အရ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားစုဆောင်းဖို့ ဖမ်းဆီးတာဖြစ်ပြီး အများစုကို ဘီးလင်းအခြေစိုက် အမှတ် ၈ ခြေလျင်တပ်ရင်းမှာ ထိန်းသိမ်းထားတာပါ။
တဖက်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းလိုအပ်ချက်ကြောင့် ဒေသတွင်းက လူငယ်တွေကို ညပိုင်းအချိန် ပိတ်ဆို့စစ်ဆေးစဉ် ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူ စီးနင်းမှုတွေကိုလည်း ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။
အရင်က စစ်ကောင်စီဟာ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို ငွေကြေးအဆမတန်တောင်းခံပြီး ပြန်လွှတ်ပေးတာတွေ ရှိပေမယ့် အခုနောက်ပိုင်း တပ်သားလိုအပ်ချက်အရ တပ်သားသစ် စုဆောင်းမှုကိုသာ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ဒေသခံပြည်သူ ၆၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အများစုကို စစ်မှုထမ်းအကြောင်းပြနဲ့ ဖမ်းဆီးတာ၊ တော်လှန်ရေးအ ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ