ကျိုက်ထို၊ မတ် ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာနဲ့ အင်္ဂဘိုကျေးရွာ အနီးဝန်းကျင်ကို မတ် ၄ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေတွင်းလုပ်ကွက်တွေရှိတဲ့ အဲဒီကျေးရွာအနီး ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ရေးအခြေအနေ တင်းမာနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွှေတွင်းလုပ်သားတွေအပါအဝင် ဒေသခံရာနဲ့ချီ နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဌက်ပျောတောကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအနီးမှာ တပ်စွဲနေထိုင်နေပါတယ်။

တဖက်မှာတော့ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ အရပ်သားပြည်သူတွေ နေ ထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံသုံးဦးသေဆုံးပြီး ၁၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.